ဝါရှင်တန်၊ ဧပြီ ၂၀

မိမိတို့ ပိတ်ဆို့ထားတဲ့ အနေအထားကနေ ဖြတ်သန်းခုတ်မောင်းဖို့ ကြိုးပမ်းတဲ့ အီရန် ကုန်တင်သင်္ဘော တစ်စီးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်က ဧပြီ ၁၉ ရက်မှာ ပြောကြားပါတယ်။

အီရန်က လက်တုံ့ပြန်မယ်လို့ ပြောထားတာကြောင့် နှစ်နိုင်ငံကြား နှစ်ရက်လောက်ဆက်ပြီး အသက်ဝင်နေဦးမယ်လို့ ထင်မှတ်ရတဲ့ အပစ်အခတ်ရပ်စဲမှုဟာ အဲဒီလောက်တောင် ကြာရှည် မခံနိုင်ခြေ ရှိနေပါတယ်။

ဧပြီ ၂၁ ရက်မှာ အပစ်အခတ်ရပ်စဲမှု သက်တမ်း မကုန်ခင် စတင်နိုင်မယ်လို့ အမေရိကန်က မျှော်လင့်ထားတဲ့ ဒုတိယ အကျော့ ညှိနှိုင်းမှုတွေမှာ မိမိတို့ ပါဝင်မှာ မဟုတ်ဘူးလို့ အီရန်က ပြောထားပါတယ်။

သီတင်းပတ်နဲ့ချီပြီး သင်္ဘောတွေကို ပိတ်ဆို့ထားတာကြောင့် ရေနံဈေးနှုန်း အဆမတန် မြင့်တက်နေပါတယ်။

အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားပြီး အီရန်က ဟောမု့ဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို ရုတ်သိမ်းပြီးနောက် ပြန်လည် ပိတ်ထားလိုက်ပါတယ်။

စစ်ပွဲ မစတင်ခင် လွန်ခဲ့တဲ့ နှစ်လလောက်က ဟောမု့ဇ်ရေလက်ကြားကနေ ကမ္ဘာကြီးရဲ့ ရေနံတင်သင်္ဘော ငါးပုံတစ်ပုံ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံ ဘန်ဒါ အဘတ်စ် ဆိပ်ကမ်းသို့ သွားရောက်ဖို့ ကြိုးပမ်းတဲ့ အီရန် အလံ စိုက်ထူထားတဲ့ ကုန်တင် သင်္ဘော တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဧပြီ ၁၉ ရက်မှာ ပြောကြားပါတယ်။

အဲဒီသင်္ဘောအား မိမိတို့ ရာနှုန်းပြည့် ထိန်းချုပ်ထားပြီး သင်္ဘောပေါ်မှာ ဘာတွေ တင်ဆောင်လာသလဲဆိုတာ သိမြင်ထားပြီ ဖြစ်ကြောင်း သမ္မတ ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

Touska အမည်ရှိ အီရန် သင်္ဘောဟာ အမေရိကန် ရေတပ်က ရပ်တန့်ဖို့ သတိပေးတာကို ဂရုမစိုက်တာကြောင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ယူအက်စ်အက်စ် စပရူးယန့်စ်က အင်ဂျင်ခန်းကို အပေါက်ဖြစ်အောင် ပစ်ခတ်ပြီး တားဆီးခဲ့တယ်လို့ ထရန့်က လှုမှုမီဒီယာပေါ်မှာ ရေးသားထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ စတင်ပြီးနောက်ပိုင်း အမေရိကန် ရေတပ်က စီးပွားဖြစ် သင်္ဘော ၂၅စီးအား ပြန်လှည့်ဖို့ ဒါမှမဟုတ် အီရန် ဆိပ်ကမ်း တစ်ခုခုဆီ ပြန်သွားဖို့ ညွှန်ကြားခဲ့ကြောင်း ဗဟိုကွပ်ကွဲရေးတပ်ဖွဲ့က ပြောကြားပါတယ်။

အိုမန် ပင်လယ်ကွေမှာ အီရန် ကုန်တင် သင်္ဘော တစ်စီးကို အမေရိကန်က ပစ်ခတ်တာဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တာ ဖြစ်ပြီး လက်တုံ့ပြန်မယ်လို့ အီရန် ထိပ်တန်း ပူးတွဲ စစ်ရေး တပ်ဖွဲ့ Khatam al-Anbiya က ပြောကြားပါတယ်။

အဲဒီသင်္ဘောဟာ တရုတ်ကနေ အီရန်သို့ ပြန်လာတာ ဖြစ်တယ်လို့ Khatam al-Anbiya ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး အီရန်နိုင်ငံပိုင် မီဒီယာက ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ ပြောထားပါတယ်။

ဒီလို ပြောင်းလဲလာတဲ့ အခြေအနေနဲ့ အတူ ရေနံဈေးမြင့်တက်ပြီး ရှယ်ယာဈေး လျှော့ကျသွားချိန် အရှေ့အလယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲမှု မသေချာ မရေရာ ဖြစ်လာပါတယ်။

ဒီအတောအတွင်း အီရန် သမ္မတ ပီဇက်ခီယန်က အမေရိကန်ဟာ အီရန်ရဲ့ အခွင့်အရေးတွေကို ပယ်ရှားဖို့ ကြိုးပမ်းနေပြီး လွန်ကဲတဲ့ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

ထရန့်က သူ့ရဲ့ သတ်မှတ်ချက်တွေကို အီရန်က ပယ်ချမယ်ဆိုရင် အီရန်ရှိ တံတားတွေနဲ့ ဓာတ်အားပေးစက်ရုံအားလုံးကို ဖျက်ဆီးပစ်မယ်လို့ သတိပေးထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.