ကွာလာလမ်ပူ၊ ဧပြီ ၂၀

အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ ပဋိပက္ခကြောင့် စွမ်းအင်ပြဿနာနဲ့ ရင်ဆိုင်နေရချိန် ရုရှားဆီက ရေနံ ဝယ်ယူခွင့် ရရှိရေး ကြိုးပမ်းတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ ပိုများလာပြီး မလေးရှားလည်း ပါဝင်လာပါတယ်။

ပြည်တွင်း သုံးစွဲမှုအတွက် လုံလုံလောက်လောက် ထောက်ပံ့နိုင်ရေးနဲ့ ရေနံဝယ်ယူရေး ရုရှားနဲ့ ညှိနှိုင်းဖို့ နိုင်ငံပိုင် ရေနံ ကုမ္ပဏီ Petronasက စီစဉ်ထားတယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ဧပြီ ၁၈ ရက်က ပြောကြားကြောင်း The Star သတင်းဌာနက ဖော်ပြထား ပါတယ်။

အရင်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ ဥရောပ၊ အမေရိကနဲ့ နိုင်ငံအများကြီးဟာ အခုအချိန်မှာ ရုရှား ရေနံတွေ ဝယ်ယူရေး အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီလို့ အန်ဝါက ပြောကြား ပါတယ်။

“ကံကောင်းတာက ရုရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ဒါကြောင့် Petronas ကုမ္ပဏီ အဖွဲ့က သူတို့ရဲ့ ဆွေးနွေးလို့ ရပါတယ်”လို့ အန်ဝါရဲ့ ပြောကြားချက်ကို ကိုးကားပြီး မလေးဘာသာနဲ့ ဖော်ပြတဲ့ Sinar Harian နေ့စဉ် သတင်းစာက ဖော်ပြထားပါတယ်။

စောစောပိုင်းက အခြား အရှေ့တောင်အာရှ နိုင်ငံတွေကလည်း ရုရှား ရေနံ ဝယ်ယူခွင့်ရရှိရေး ဆက်သွယ် ထားကြတာ၊ သဘောတူညီချက်တွေ ရယူထားကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ သမ္မတ ဗလာဒီမာ ပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံပြီး ရုရှားနဲ့ နှစ်နိုင်ငံကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်ဖူလုံရေးနဲ့ ရေစုန်စီးဆင်းမှုရှိရေးတို့လို စွမ်းအင်နဲ့ သတ္တုရင်းမြစ် ကဏ္ဍတွေမှာ ရေရှည် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အချက်အချို့ကို သဘောတူညီခဲ့တယ်လို့ အင်ဒိုနီးရှားက ပြောကြားပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးမှု ၅နာရီ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်စွမ်းအင် ဝန်ကြီး ရှာရွန် ဂါရင်ကလည်း ရုရှား ရေနံ ဝယ်ယူခွင့်ရရှိရေး အမေရိကန်ရဲ့ ကင်းလွတ်ခွင့် သတ်မှတ်ချိန် ပိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ စွမ်းအင်ရင်းမြစ်တွေ အမျိုးအစားစုံလင်အောင် ကြိုးပမ်းနေပြီး ရုရှား တစ်နိုင်ငံတည်းဆီက ဝယ်ယူသွားမှာ မဟုတ်ဘူးလို့ မစ္စစ် ဂါရင်က ပြောကြားပါတယ်။

ဖိလစ်ပိုင် အစိုးရအနေနဲ့ ကနေဒါနဲ့ အမေရိကန်အပြင် ကိုလံဘီယာ၊ အာဂျင်တီးနား အပါအဝင် တောင်အမေရိကန်ရှိ ရေနံထုတ်သူတွေဆီက ဝယ်ယူဖို့လည်း မျှော်လင့်ထားတယ်လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်ပြီး ပြီးခဲ့တဲ့လက နိုင်ငံတော် စွမ်းအင် အရေးပေါ် အခြေအနေ ကြေညာခဲ့ ပါတယ်။

ဒီအတောအတွင်း ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်ချင်း မတ်လ ၂၂ ရက်က ရုရှားသို့ တရားဝင် သွားရောက်ခဲ့ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် နှစ်နိုင်ငံကြား သဘောတူညီမှု အချို့ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ ပါတယ်။

အီရန် စစ်ပွဲအတွင်း လူထောင်ချီ သေဆုံးပြီး အစ္စရေးက လက်ဘနွန်ကိုလည်း တိုက်ခိုက်နေချိန်မှာ အရေးပါတဲ့ ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတာကြောင့် ရေနံဈေးမြင့်တက်နေပါတယ်။

အီရန်က ပိတ်ထားတဲ့ ဟောမု့ဇ် ရေလက်ကြားဟာ စစ်ပွဲ မတိုင်ခင်က ကမ္ဘာ့ ရေနံသင်္ဘော ငါးပုံ တစ်ပုံ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
ဟောမု့ဇ်ရေလက်ကြားအား အီရန်က ဧပြီ ၁၇ ရက်က ခတ္တပြန်ဖွင့်ပေးခဲ့ပေမယ့် ဧပြီ ၁၈ ရက်မှာ ပြန်ပိတ်ထားပြီလို့ ကြေညာခဲ့ပါတယ်။

အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားမှုဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တာ ဖြစ်တယ်လို့ အီရန်က ပြောကြားပြီး ရေလက်ကြားကို ပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.