မနီလာ၊ ဧပြီ ၂၀
အရှေ့အလယ်ပိုင်း စစ်ပွဲ ဖြစ်ပွားနေချိန်မှာပဲ ထောင်နဲ့ချီတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်သားတွေနဲ့အတူ ဂျပန်တပ်ဖွဲ့ဝင်တွေဟာ ပထမဆုံး ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၀ ရက်က စတင်ခဲ့ပါတယ်။
ဖိလစ်ပိုင် မြောက်ပိုင်း ထိုင်ဝမ် ရေလက်ကြားနဲ့ မျက်နှာချင်းဆိုင်နေရာအပြင် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ပြည်နယ်တစ်ခုမှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တပ်ဖွဲ့ဝင် ၁၄၀၀ စေလွှတ်ထားတဲ့ ဂျပန် စစ်တပ်က Type 88 ပဲ့ထိန်းဒုံးကျည် အမျိုးအစားကို အသုံးပြုပြီး ပစ်မှတ်ထားတဲ့ သင်္ဘောကို ပစ်ခတ် နှစ်မြှုပ်ပြမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဒန်းနစ် ဟာနန်ဒက်ဇ်က ပြောကြားပါတယ်။
စစ်သား ၁၇၀၀၀ ကျော် ပါဝင်တဲ့ အဲဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ၁၉ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ နယူးဇီလန်၊ သြစတြေးလျ၊ ပြင်သစ်နဲ့ ကနေဒါတို့ ပါဝင်ခဲ့ပြီး တပ်ဖွဲ့ဝင် အင်အား အဲဒီလောက်ပဲ ဖြစ်ပါတယ်။
ဒီပူးတွဲ စစ်ရေး လေ့ကျင့်မှုက ဖိလစ်ပိုင်နဲ့ မိမိတို့ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖွဲ့မှုနဲ့ အင်ဒိုပစိဖိတ်ဒေမှာ လွတ်လပ် ပွင့်လင်းစွာ သွားလာနိုင်ရေး မိမိတို့ ကတိထားမှုကို ဖော်ပြတာ ဖြစ်တယ်လို့ အမေရိကန် စစ်ရေး လေ့ကျင့်မှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး ရောဘက် ဘန်းက ဧပြီ ၂၀ ရက် စစ်ရေး လေ့ကျင့်မှုတွေ မစတင်ခင်က ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အီရန်ကို အမေရိကန်က တိုက်ခိုက်နေပေမယ့်လည်း အခုစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်အပေါ် သက်ရောက်မှု မရှိဘူးလို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ မကြာခင် သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။
ဒီလို အရှေ့အလယ်ပိုင်းသို့ စစ်အင်အား အများအပြား စေလွှတ်ထားရတဲ့ အချိန်မှာတောင် အမေရိကန်က ဘာလီကာတန် ဒါမှမဟုတ် ပက်ခုံးချင်းယှဉ် စစ်ရေး လေ့ကျင့်မှုအတွက် စစ်သားအင်အား အများအပြား စေလွှတ်ပေးထားတာ ဖြစ်ပါတယ်။
ထိုင်ဝမ်တဝိုက် တရုတ်က စစ်အင်အား အများကြီးနဲ့ ဖိအားပေးနေချိန်မှာ ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်ဝမ်မှာ စစ်ပွဲ ဖြစ်လာရင် မိမိတို့လည်း စစ်ပွဲအတွင်း ပါဝင်လာရနိုင်တယ်လို့ ဖိလစ်ပိုင် သမ္မတ မားကို့စ်နဲ့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ နှစ်ယောက်စလုံးက ပြောဆိုခဲ့ဖူး ပါတယ်။
Ref:AFP

