ဝါရှင်တန်၊ ဧပြီ ၁၆
အီရန်ကို လက်နက်တွေ မပေးဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ထံ စာရေးပို့ တောင်းဆိုထားပြီး တရုတ်အနေနဲ့ တီဟီရန်ကို လက်နက်တွေ မထောက်ပံ့ပါဘူးလို့ ရှီက တုံ့ပြန်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က Fox Business Network အင်တာဗျူးမှာ ဧပြီ ၁၅ ရက်က ပြောပါတယ်။
ဘယ်အချိန်က စာအပြန်အလှန် ပေးပို့ခဲ့သလဲ ဆိုတာကို ထရန့်က မပြောပေမယ့် အီရန်ကို လက်နက် ထောက်ပံ့တဲ့ နိုင်ငံတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
မိမိက ရှီကျင့်ဖျင့်ဆီကို စာတစ်စောင်ရေးပို့ကာ အီရန်ကို လက်နက် မထောက်ပံ့ဖို့ ပြောထားခဲ့ပြီး ရှီကျင့်ဖျင်က လက်နက်တွေ မထောက်ပံ့ပါဘူးဆိုတဲ့ စာကို ပြန်ပို့ထားတယ်လို့ ထရန့်က ပြောပါတယ်။
ဘေဂျင်းမှာ မေလ ၁၄ နဲ့ ၁၅ ရက်တို့မှာ သမ္မတ ရှီနဲ့ တွေ့ဆုံဖို့ အစီအစဉ်ဟာ ကမ္ဘာ့ရေနံဈေးကွက်အတွင်း အပြောင်းအလဲတွေကြောင့် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ကြောင်း ထရန့်က ပြောပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ထာဝရ ဖွင့်လှစ်ဖို့ သူ့အနေနဲ့ ဆောင်ရွက်နေပြီး တရုတ်ကလည်း အဲဒီလို လုပ်ဆောင်မှုအတွက် ဝမ်းမြောက်မှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေး ကြိုးပမ်းတာဟာ တရုတ်နဲ့ ကမ္ဘာကြီးအတွက် ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ဒီလို လုပ်ဆောင်မှုအတွက် လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း တွေ့ဆုံချိန်မှာ ရှီက မိမိကို အားရပါးရ ဖက်ပြီး ကြိုဆိုမှာ ဖြစ်တယ်လို့လည်း သူက ပြောကြား ပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အီရန်က ဆက်လက် ပိတ်ဆို့ထားတဲ့ အချိန်မှာ ထရန့်က ဘာကို ဆိုလိုသလဲဆိုတာ အသေအချာ မသိရပါဘူး။
အီရန်က အမေရိကန် ရေတပ်အနေနဲ့ ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင် ပင်လယ်နီကို ပိတ်ဆို့မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ကြေညာပြီးနောက် ၄၅ ရက်အကြာမှာ ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် တင်ပို့မှု ၂၀ ရာခိုင်နှုန်း စီးဆင်းမှု ရပ်တန့်သွားခဲ့ပါတယ်။
အခုအချိန်မှာ အပစ်အခတ် ရပ်စဲမှု သီတင်း နှစ်ပတ်ကြာလာချိန်မှာတောင် ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းရေး မသေချာ မရေရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး အီရန်နဲ့ ဆွေးနွေးမှုတွေ အခု သီတင်းပတ်အတွင်း ပြန်စမယ်လို့ ထရန့်က ပြောထားပေမယ့် တင်းမာမှုတွေ ဆက်လက် မြင့်တက်နေပါတယ်။
တချိန်တည်းမှာပဲ သူက အီရန် ဆိပ်ကမ်းတွေဆီက သင်္ဘောတွေ တစ်စီးမှ ထွက်လို့ မရအောင် ပိတ်ဆို့ခိုင်းထားပါတယ်။
အီရန်အနေနဲ့ ရေကြောင်းက ကုန်သွယ်မှု လုံးဝ လုပ်ဆောင်လို့မရအောင် ပိတ်ထားမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပါတယ်။
အမေရိကန်က အီရန်နဲ့ အပစ်ရပ်ရေး စစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးနေပေမယ့် အစ္စရေးကတော့ လက်ဘနွမ်ကို ဆက်လက် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန် စစ်ပွဲမှာ တရုတ်ဝင်ပါမလာအောင် ထရန့်က ကြိုတင် တားဆီးထားပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်ကတော့ စစ်ပွဲရပ်တန့်ဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
Ref:Reuters

