ဝါရှင်တန်၊ ဧပြီ ၁၄
အီရန်ကို ပိတ်ဆို့မှုတွေ အသက်ဝင်လာချိန် ဟောမု့ဇ် ရေလက်ကြားမှာ အီရန်က စီးပွားရေး အကြမ်းဖက် တိုက်ခိုက်နေတယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်ဇ်က စွပ်စွဲလိုက်ပါတယ်။
အီရန် ဆိပ်ကမ်းပိတ်ဆို့မှုဟာ အရှေ့တိုင်း စံတော်ချိန် ၁၀ နာရီမှာ စတင် အသက်ဝင်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားဟာ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ စွမ်းအင်တွေရဲ့ လေးပုံတစ်ပုံ ဖြတ်သန်းနေတဲ့ စီးပွားရေး အရအရေးပါတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။
ဒေါ်နယ် ထရန့်က အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် ဆိုးဆိုးရွားရွားကို လိုအပ်နေပြီး ဧပြီ ၁၃ရက် မနက်ပိုင်းက သူ့ဆီကို သင့်တော်သူ တစ်ယောက်က ဆက်သွယ်ပြီး သဘောတူညီမှု ရယူဖို့ တောင်းဆိုခဲ့တယ်လို့ ပြောကြားပါတယ်။
ဟောမု့ဇ် ရေလက်ကြားအား အီရန်က ပိတ်ဆို့ထားတာဟာ စီးပွားရေးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ဂျေဒီဗန့်ဇ်က စွပ်စွဲ ပြောကြားပါတယ်။
စောစောပိုင်းမှာ အီရန် လွှတ်တော် ဥက္ကဋ္ဌက အီရန်အနေနဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုးနဲ့ ကြုံရပါစေ လုံးဝ လက်နက်ချမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီအတောအတွင်း ဗြိတိန် ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများအဖွဲ့က ဒေသတွင်း သင်္ဘောများအနေနဲ့ စစ်တပ်ချထားမှုနဲ့ ကြုံတွေ့ရမှာ ဖြစ်ပြီး ခုတ်မောင်းချိန်အတွင်း လာရောက်စစ်ဆေးတာတွေနဲ့ တွေဆုံရနိုင်တယ်လို့ အသိပေးထားပါတယ်။
အမေရိကန်က ဟောမု့ဇ် ရေလက်ကြားအား ဖြတ်သန်းမယ့် အခြားနိုင်ငံတွေရဲ့ သင်္ဘောတွေကို တားဆီးသွားမယ်လို့လည်း ပြောထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားအား ပိတ်ဆို့ရေး ပါဝင်ကူညီ ကြဖို့ မဟာမိတ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က တိုက်တွန်းထားပေမယ့် နေတိုး မဟာမိတ်တွေက သူတို့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီအတောအတွင်း ထရန့်က ပုပ်ရဟန်း မင်းကြီး လီယို ၁၄ကို ပြစ်တင် ဝေဖန်ထားမှုနဲ့ ပတ်သက်လို့ ပုပ်ရဟန်း မင်းကြီးက သူ့အနေနဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ထရန့်နဲ့ အချေအတင် ပြောဆိုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံခြား မူဝါဒနဲ့ ပတ်သက်လို့ အင်မတန် ဆိုးရွားတယ်လို့ ထရန့်က ပြစ်တင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အီရန်ကို အမေရိကန်က ပိတ်ဆို့ပြီး ဖိအား အမြင့်မားဆုံး ပေးနေချိန် အစ္စရေးကတော့ လက်ဘနွန်ကို ဆက်လက် တိုက်ခိုက်မယ်လို့ ကြုံးဝါးထားပါတယ်။
အီရန်က နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေကို ငါးနှစ်ကြာ ရပ်တန့်ထားမယ်လို့ အဆိုပြုထားကြောင်း သတင်းရင်းမြစ်တွေက ပြောကြား ပါတယ်။
ဒါပေမဲ့ အမေရိကန်က အီရန် အနေနဲ့ နျူကလီးယား လက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ပြောထားပြီး သန့်စင်ပြီးသား ယူရေနီယံတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။
အီရန်က စီးပွားရေး အကြမ်းဖက် တိုက်ခိုက်မှု ဆက်လက် ကျူးလွန်နေရင် အမေရိကန်က အီရန် သင်္ဘော တစ်စီးမှာ ထွက်လို့ မရအောင် ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ Fox Newsသတင်းဌာနသို့ ပြောကြား ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်နဲ့ ဆွေးနွေးမှု တိုးတက်မှု အများကြီး ရှိခဲ့တယ်လို့လည်း သူက ပြောကြားပါတယ်။
ဒါပေမဲ့ နောက်ထပ် ဘာဆက်လုပ်မလဲ ဆိုတာက အီရန်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတယ်နေတယ်လို့ ဂျေဒီဗင့်ဇ်က ပြောကြားပါတယ်။
Ref:BBC

