ကျိုက်ထို၊ ဩဂုတ် ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခြေခံပညာ ကျောင်းသား လေးဦးကို အာဏာသိမ်း စစ်တပ်က PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား လေးဦးကို နေအိမ်တွေအတွင်း ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေဟာ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ်ကြားရှိတဲ့ Grade 7 ကနေ Grade 11 က ကျောင်းသားတွေ ဖြစ်ပြီး သိမ်ဇရပ်မြို့ အမှတ် ၄ နဲ့ အမှတ် ၆ ရပ်ကွက်တို့မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်း ကျောင်းပိတ်ရက်မှာ အလည်သွားရင် ဝင်းကံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂိတ်စခန်းမှာ tiktok ရိုက်ကူးပြီး လူမှုကွန်ရက်အပေါ် တင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေထဲမှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက အရာခံဗိုလ်ရဲ့ သားဖြစ်သူလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဘက်က သွားရောက်ညှိနှိုင်းတာတွေ လုပ်ဆောင်နေပေမယ့် ဒီကနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တဲ့သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ Comment ဝင်ရေးတာ၊ Like နဲ့ အသဲပေးတာကအစ စောင့်ကြည့်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက် လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူး Facebook အကောင့်ကနေ တင်တဲ့ ပို့စ်တွေကို အသဲပေးမိတဲ့ မော့ကနင်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို စစ်တပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.