မော်လမြိုင် ၊ ဩဂုတ် ၂၇

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက တစ်ဆထက် တစ်ဆ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အတူ ဝင်ငွေထွက်ငွေ မမျှတဲ့ ပြဿနာကြောင့် ထမင်းနပ်မှန်ဖို့ပင် ခက်ခဲလာတယ်လို့ အခြေခံလူတန်းစား ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကုန်ဈေးနှုန်းတွေဟာ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရလက်ထက်မှာလည်း တစ်ဆထက် တစ်ဆ ထပ်မံမြင့်တက်လာပြီး ကြက်ဥတစ်လုံးကိုပင် ကျပ် ၇၀၀ ဝန်းကျင်အထိ ပေးပြီး ဝယ်ယူသုံးစွဲလာရပါတယ်။

အခြေခံကုန်ပစ္စည်း ဈေးနှုန်းတွေဟာ စက်သုံးဆီ ရှားပါးလာ၊ သယ်ယူပို့ဆောင်ရေးစရိတ် အဆမတန် ကြီးမြင့်လာတာ၊ လျှပ်စစ်မီး မမှန်တာ၊ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက် ကုန်ဈေးနှုန်း ခေါင်ခိုက်လာတာ ဖြစ်ပါတယ်။

အိမ်ရှင်မ တစ်ဦးက ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တချို့မိသားစုတွေ ငပိတို့စရာနဲ့ အရွက်ကြော်တောင် နပ်မမှန်ဘဲ အကြွေးတွေတောင် တင်နေကြတယ်လို့ ပြောပါတယ်။

“ဝင်ငွေထွက်ငွေကလည်း မမျှဘူး။ အသားဟင်းလည်း စားလို့ မရဘူး။ငပိတို့စရာ အရွက်ကြော်လောက်တောင်မှ နပ်မမှန်တဲ့ အိမ်တွေ တပုံကြီးလေ။တော်တော်လေးလည်း အခက်အခဲရှိတော့ တချို့ကျတော့ အကြွေးတွေ တင်တယ်။ အကြွေးတွေက ပြန်မဆပ်နိုင်ရင် ထွက်ပြေးကြတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစား ပြည်သူတွေဟာ နေ့စဉ်ပုံမှန် စားသောက်နိုင်ဖို့အတွက် ကျန်းမာရေး မကောင်းတောင်မှ အလုပ်မပျက်ရဲကြတော့သလို အစားအသောက်ကအစ တော်တော်လေး ခြိုးခြံချွေတာ စားသောက်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်ဥ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်ကအစ အနည်းဆုံး ငါးဆကနေ ၁၀ ဆလောက်အထိ ဈေးနှုန်းမြင့်တက်တာကြောင့် အခြေခံလူတန်းစားပြည်သူတွေအဖို့ လက်လှမ်းမမီတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။

မွန်ဒေသခံ တစ်ဦးကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိသားစုတွေ ဝဝလင်းလင်းစားနိုင်ဖို့ပင် အကျပ်ဆိုက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အလုပ်အကိုင် အခွင့်အလမ်း မရှိ၊ ပိုက်ဆံက ရှားပါး၊ ငွေရေးကြေးရေးကလည်း အဆင်မပြေ၊ ဝယ်စားပြုစားဖို့ကလည်း ကုန်ဈေးနှုန်းတွေက တအားကြီး၊ မိသားစုတစ်စုမှာ ဝဝလင်းလင်းစားဖို့ တော်တော်လေး ခက်ခဲတဲ့ အတိုင်းအတာတွေကို ရောက်နေပြီ။ တော်တော်လေး ကျပ်တည်းတဲ့ ကာလ၊ ကပ်ဆိုက်တဲ့ ကာလလို့ တောင်မှ ပြောလို့ ရလာပြီးပေါ့နော်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အခြေခံ လူတန်းစား ပြည်သူတွေဟာ ဝင်ငွေထွက်ငွေ မမျှတမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့အတွက် တချို့မိသားစုတွေဟာ ငွေကြေး ချေးငှားကာ နီးစပ်ရာနိုင်ငံတွေကို တရားမဝင် လမ်းကြောင်း တွေကတဆင့် သွားရောက်မှု ပိုများလာပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ ဥရောပသမဂ္ဂ EU တို့ရဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ပူးတွဲ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ လူဦးရေ ၁၂ ဒသမ ၄ သန်းနီးပါးဟာ ဆာလောင်မွတ်သိပ်မှု အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကျယ်အတည်းတွေရဲ့ သက်ရောက်မှုကြောင့် စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက် လာနေသလို ပြည်တွင်း ပဋိပက္ခတွေကြောင့်လည်း စားနပ်ရိက္ခာ အခက်အခဲ ပိုမိုးဆိုးရွားလာတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ကတော့ အခြေခံကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာကို တစ်စုံတစ်ရာ မဖြေရှင်းနိုင်သေးသလို ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.