မော်လမြိုင် ၊ ဩဂုတ် ၂၇

အာဏာသိမ်းမှုအတွင်း ပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူတာ နေအိမ်အတွင်းရှိ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းတာနဲ့ ဖျက်ဆီးတာတွေကြောင့် ပြည်သူ ၈၄၇ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ သိရပါတယ်။

NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ်မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို ဩဂုတ် ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့တာပါ။

စစ်အုပ်စုက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တဲ့ထဲမှာ NLD လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၆၂ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁၀၀၀ ကျော်ကို မှတ်တမ်းတင် ရရှိထားတာ ဖြစ်ပါတယ်။

NLD ပါတီရဲ့ ဗဟိုရုံးချုပ်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီရုံးချုပ်တွေ ခရိုင်ရုံးတွေ မြို့နယ်ရုံးတွေနဲ့ ရပ်ကျေးရုံးတွေကိုလည်း စစ်အုပ်စုက အဓိက ပစ်မှတ်ထားပြီး ၁၇၀ ကြိမ်အထိ ဖျက်ဆီးခဲ့တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

ဒ့ါအပြင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးမှုတွေကြောင့် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၁၉,၃၇၀ ကျော် ရှိတဲ့ထဲက NLD လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦးနဲ့ ပါတီဝင် ၂၇၄၄ ဦး၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၂၆၀ ဦးနဲ့ အမျိုးသမီး ၂၇၃၅ ဦး ပါဝင်ပါတယ်။

စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်မှုတွေထဲမှာ ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲတာ၊ ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ လုံလောက်တဲ့ ဆေးဝါးကုသမှုနဲ့ အခြေခံလိုအပ်ချက်တွေ မရရှိစေတာနဲ့ အကျဉ်းထောင်ပြင်ပကို ထုတ်ပြီး သတ်ဖြတ်တာတို့ ပါဝင်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ရွာတွေအတွင်း ဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုပြီး အစဖျောက်စေတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ပြီး သတ်ဖြတ်တာနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေလည်း မှတ်တမ်းတင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ အပါအဝင် ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးပေးခန်းတွေနဲ့ အရပ်သားတွေ ခိုလှုံနေတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တာပါ။

အဲဒီကျူးလွန်မှုတွေကြောင့် အဆောက်အဦပေါင်း ၁၇၇၀၀ ကျော် ပျက်စီးခဲ့ပြီး ပြည်သူ ၆,၅၀၇ ဦး သေဆုံးခဲ့ရတဲ့ထဲက NLD လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနဲ့ ပါတီဝင် ၁၂၅ ဦး အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၅၇၃ ဦးနဲ့ အမျိုးသမီး ၁,၁၁၉ ဦး ပါဝင်ပါတယ်။

တစ်ဘက်မှာ စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်နဲ့ အဆောက်အဦပေါင်း ၇၇,၆၂၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အချို့ဒေသတွေမှာ အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုတွေရှိခဲ့တာကြောင့် ဖြစ်စဉ်ပေါင်း ၁,၉၈၂ ကြိမ် ရှိခဲ့တယ်လို့ NLD ရဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

အဲဒီမှတ်တမ်းတွေဟာ တိုင်းနဲ့ ပြည်နယ်အလိုက် ဖော်ပြထားတာ မရှိဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ ကြားကာလ အဋ္ဌမအကြိမ် အစည်းအဝေးကို လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ က ပေးပို့တဲ့ အစီရင်ခံစာမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မေမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်ကနေ စတင်ပြီး နိုင်ငံတဝှမ်းရှိ တိုင်းနဲ့ ပြည်နယ်တွေကနေ ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင် ကောက်ယူနေတာ ဖြစ်ပါတယ်။

ပကတိမြေပြင်အခြေအနေတွေနဲ့ သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေတွေကြောင့် အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေမှာ အခုမှတ်တမ်းထက် ပိုမိုများပြားနိုင်တယ်လို့ NLD လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ဆိုပါတယ်။

ဒီမှတ်တမ်းတွေဟာ အမှန်တရားဖော်ထုတ်ရေး၊ တရားမျှတမှု ရရှိရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် အထောက်အထားမှတ်တမ်းတွေအဖြစ် ဆက်လက် ထိန်းသိမ်းအသုံးပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.