ကျိုက်မရော၊ ဩဂုတ် ၂၆
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ မြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေအပါအဝင် မြစ်ကမ်းဘေး ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ မြင့်တက်လာတာကြောင့် ကျိုက်မရောမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှု စတင်ဖြစ်ပွားနေပါတယ်။
အလားတူ အတ္ထရံမြစ်ကမ်းဘေးရှိ ကျေးရွာတွေဖြစ်တဲ့ ငါးပြေမ၊ ဦးလေး၊ ပေါလောကုန်း၊လမုခို၊ ဖာသိမ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ထက်မနည်းမှာ ရေကြီးရေလျှံမှု စတင်ကြုံတွေ့ရပြီး ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း အများစု ယာယီပိတ်ထားရပြီး ဒေသခံပြည်သူတွေကလည်း ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပြီး အနိမ့်ပိုင်းရပ်ကွက်က ဒေသခံတချို့ စတင်ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ဝါခေါင်လပြည့် ရေ ထရက်နဲ့အတူ မိုးဆက်လက် ရွာသွန်းပါက ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံ အန္တရာယ် ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
မိုးဇလရဲ့ ဒီကနေ့ မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာ၊ တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်တောင်ပိုင်းက အပူပိုင်းမုန်တိုင်း “နာရာ” ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် သြဂုတ် ၃၀ ရက်နေ့အထိ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးမှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသည်းထန်ရွာသွန်းမှုနဲ့အတူ ရုတ်တရက်ရေကြီးနိုင်တာကြောင့် မြစ်ချောင်းအနီး နေရာထိုင်သူတွေ ရေကြီးရေလျှံမှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အကြုံပြုထားပါတယ်။
ကျိုက်မရောမြို့နယ်ဟာ နှစ်စဉ် ရေကြီးရေလျှံမှု အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မြို့နယ်တစ်ခု ဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝတွေ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

