နေပြည်တော်၊ ဩဂုတ် ၂၆

ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေးအတွက် ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ သြဂုတ် ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုအဆင့် အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ဦးမင်းအောင်လှိုင်က ကုန်သွယ်မှုလျင်မြန် လုံခြုံချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုတွေ မရှိစေရေး တာဝန်ရှိသူတွေ ကြပ်မတ်ဆောင်ရွက်ကြဖို့နဲ့ မရိုးမသားဆောင်ရွက်မှုတွေကြောင့် နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်နစ်နာမှုတွေ မဖြစ်စေဖို့ လိုတယ်လို့ ဆိုပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရရှိဘဲ ထိခိုက်နစ်နာတာ၊ အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတွေကို ပြည်သူတွေအနေနဲ့ ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရတာကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောပါတယ်။

မြေပြင်မှာတော့ တရားမဝင် ကုန်သွယ်မှုတွေမှာ စစ်တပ် အရာရှိတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကအစ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုကနေ သိန်းထောင်နဲ့ချီ ဝင်ငွေ ရရှိနေကြပါတယ်။

စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ဦးမင်းအောင်လှိုင်က ပြောဆိုပေမယ့် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ စစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေ ထပ်မံတိုးချဲ့ တည်ဆောက်မှုတွေ လုပ်ဆောင်နေပါတယ်။

ကုန်သည်တွေကတော့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ ဘယ်လောက်အထိ သြဇာရှိမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် အယုံအကြည် မရှိဘူးလို့ ဝေဖန်ကြပါတယ်။

ဒီအစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က နိုင်ငံစီပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေကို အားကိုးနေလို့ မရဘဲ ပြည်တွင်းထုတ်ကုန်နဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.