ဝါရှင်တန်၊ တီဟီရန်၊ ဧပြီ ၁၃

ဧပြီ ၁၃ ရက် အရှေ့တိုင်းစံတော်ချိန် ၁၀ နာရီက စတင်ပြီး အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှာ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောလိုက်ပါတယ်။

တခြားနိုင်ငံတွေဆီ သွားရောက်မယ့် ဒါမှမဟုတ် စတင်ထွက်ခွာတဲ့ သင်္ဘောတွေကို ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းမှုကို တားဆီးသွားမယ်လို့လည်း အမေရိကန်က ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက်မြို့မှာ နာရီပေါင်း ၂၀ ကျော်ကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။

နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာချိန်မှာ ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည် ရောက်ရှိသွားပါတယ်။

ရေလက်ကြားကို ဝင်ဖို့ ဒါမှမဟုတ် ရေလက်ကြားကနေ ထွက်ခွာဖို့ ကြိုးပမ်းတဲ့ သင်္ဘော မှန်သမျှကို အမေရိကန် ရေတပ်က တားဆီး ပိတ်ဆို့သွားမှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီ သင်္ဘောလမ်းကြောင်းအနီး ချဉ်းကပ်လာတဲ့ စစ်ဖက်ဆိုင်ရာ သင်္ဘောမှန်သမျှကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အီရန်က ပြောပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌက တီဟီရန်အနေနဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုး ရှိပါစေ လုံးဝ လက်နက်ချမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အီရန်အနေနဲ့ ညှိနှိုင်းရေး စားပွဲဝိုင်းဆီ ပြန်လာသည် ဖြစ်စေ ပြန်မလာသည် ဖြစ်စေ မိမိအနေနဲ့ ဂရုစိုက်မှာ မဟုတ်ကြောင်းနဲ့ အစ္စလာမာဘက်မြို့မှာ ညှိနှိုင်းမှုတွေ မအောင်မြင် ဖြစ်ခဲ့ရတာဟာ အီရန်က သူတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို မစွန့်လွှတ်တာကြောင့် ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အီရန်ဟာ နျူကလီးယား လက်နက်တွေ လိုချင်နေဆဲ ဖြစ်ပြီး အဲဒီရည်မှန်းချက်ကို ပါကစ္စတန်မှာ ဆွေးနွေးမှုအတွင်း ဖော်ပြခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရှိကြောင်းနဲ့သန့်စင်ထားပြီးသား ယူရေနီယံတွေကို သိမ်းယူမယ်လို့ သမ္မတထရန့်က ပြောဆိုထားတာပါ။

ထရန့်က အီရန်ကို ထပ်မံ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ Wall Street Journal က အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ဖြူတော်က နည်းလမ်းအားလုံး စဉ်းစားထားတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို အမေရိကန်က တားဆီးတာဟာ တခြားနိုင်ငံတွေက အီရန်အပေါ် အရေးယူလာစေဖို့ ဖိအားပေးတာ ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အဲဒီ ရေလမ်းကြောင်းကို အချိန် အကြာကြီး ပိတ်ထားရင် ကမ္ဘာရေနံဈေး အဆမတန် မြင့်တက်လာနိုင်ပြီး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီး ကတည်းက အီရန်မှာ အာဏာပိုင်တွေက အင်တာနက် လုံးဝနီးပါး ပိတ်ထားပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အမေရိကန်က ပိတ်ထားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အီရန်က ရေနံဈေးနှုန်း မယုံနိုင်စရာ မြင့်တက်လာနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

နှစ်နိုင်ငံကြား ညှိနှိုင်းမှု မအောင်မြင် ဖြစ်ခဲ့ပြီးနောက် စစ်ပွဲ အရှိန် ပိုမြင့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာပြီး စွမ်းအင် ထောက်ပံ့မှုနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.