ဘန်ကောက်၊ ဧပြီ ၁၃
ထိုင်းသင်္ကြန် ဆုမ်ခရန်ပွဲတော် အားလပ်ရက်ကာလ ပထမဆုံး နှစ်ရက်အတွင်း ယာဉ်မတော် ဖြစ်မှုတွေကြောင့် လူ ၇၁ ဦး သေဆုံးပြီး ၃၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်က ယာဉ်မတော်ဆ ဖြစ်မှု စုစုပေါင်း ၃၄၄ ခု ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ ကျန်းမာရေး လက်ထောက် အတွင်းဝန် ဒေါက် ဆော်ဖွန်က ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။
နန်ပြည်နယ်မှာ ယာဉ် မတော်တဆ ဖြစ်မှု အများဆုံး ဖြစ်ပြီး ၁၇ ခု ဖြစ်ပွားခဲ့တာပါ။
နိုင်ငံ မြောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ နန်နဲ့လမ်ဖမ်း ပြည်နယ်တို့မှာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ထိခိုက်သူ အများဆုံး ဖြစ်ပြီး ပြည်နယ် တစ်ခုစီမှာ သေဆုံးသူ ၁၇ ဦးစီရှိခဲ့ ပါတယ်။
ဧပြီ ၁၁ ရက် တစ်ရက်တည်းအတွင်း နိုင်ငံတဝှမ်း ယာဉ်မတော်ဆဖြစ်မှု ၂၀၈ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၅ ဦးရှိခဲ့ပါတယ်။
ယာဉ်မတော်တဆ ဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတွေကတော့ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းဟာ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ပါတယ်။
အရက်မူးပြီး မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆ ဖြစ်မှု ၂၅ ရာခိုင်နှုန်း ရှိပြီး စုစုပေါင်း မတော်တဆ ဖြစ်မှုရဲ့ ၆၁ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်နေပါတယ်။
သင်္ကြန်ကာလ ခရီးသွားသူ အများစုဟာ သူတို့ သွားရောက်လိုတဲ့ နေရာတွေဆီ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေါက်တာ ဆော်ဖွန်က ပြောပါတယ်။
သင်္ကြန်ကာလ ယာဉ်အန္တရာယ် ကင်းရှင်းရေး အစီအစဉ် ဆက်လက် ဆောင်ရွက်နေကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလနဲ့ သင်္ကြန်ကာလတွေမှာ နှစ်စဉ်လို ယာဉ်မတော်တဆ ဖြစ်မှုတွေ ဖြစ်ပွားလေ့ ရှိပြီး ထိခိုက်သေဆုံးသူ အများကြီး ရှိပါတယ်။
ယာဉ် မတော်တဆ ဖြစ်မှုအများစုကတော့ အရှိန်လွန် မောင်းနှင်မှုနဲ့ အရက်မူးပြီး မောင်းနှင်မှုကြောင့် ဖြစ်ပေမယ့် မော်တော် ဆိုင်ကယ်တွေကြောင့် ယာဉ်မတော်တဆ ဖြစ်မှုတွေလည်း များပါတယ်။
နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံမှာ အဓိက အားလပ်ရက်တွေနဲ့ ကြုံတိုင်း ယာဉ်မတော်တဆ ဖြစ်မှု ကြိုတင် ကာကွယ်ရေး စီမံကိန်းတွေ ချမှတ်ဆောင်ရွက်လေ့ ရှိပေမယ့် ယာဉ်မတော်တဆ ဖြစ်မှုတွေကို ကာကွယ်နိုင်မှု အားနည်းနေပါတယ်။
ဘန်ကောက် သင်္ကြန်ပွဲတော်အတွင်း အရက်မသောက်ရ တားမြစ်ချက်ဟာ ည ၁၀ နာရီ အထိ အသက်ဝင်မှာ ဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာထားပါတယ်။
ဘန်ကောက်မှာ ရေပက်ကစားရာနေရာ ၈၈ နေရာရှိပြီး အားလုံးကို အရက်ကင်းစင် နေရာ အဖြစ် သတ်မှတ်ထားပါတယ်။
သင်္ကြန်ပွဲတော် ပထမဆုံးနေ့မှာပဲ ထိုင်းနိုင်ငံတဝှမ်း ခရီးသွားသူ ၁ သန်းကျော်အထိ ရှိတယ်လို့ ထိုင်းရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ သင်္ကြန်ကာလအတွင်း ပြည်သူတွေအားလုံး ပျော်ရွှင်ကြစေဖို့ ဆန္ဒပြုထားပါတယ်။
ပြည်သူတွေအနေနဲ့ အရက်သောက်ပြီး ကားမမောင်းကြဖို့ အပါအဝင် ဘေးအန္တရာယ် ကင်းရှင်းစေဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
ဝန်ကြီးချုပ်က ပြည်သူတွေကို အရက်မသောက်ကြဖို့ ပြောဆိုတာ မဟုတ်ဘဲ အရက်သောက်ထားရင် ယာဉ်မမောင်းကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
နိုင်ငံတဝှမ်း ဘေးကင်းရေး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင်တွေက အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ ယာဉ် မတော်တဆ ဖြစ်မှုကြောင့် လူသေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Ref:Bangkokpost

