ဆိုးလ်၊ ဧပြီ ၁၁
လူမှုမီဒီယာမှာ သတင်းအမှား ဖြန်ချိမှု အရှိန်မြင့်တက်အောင် လုပ်နေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီးနောက် တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က အစ္စရေးဟာ သူတို့ စစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အရောင်ထင်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်တယ်လို့ ဧပြီ ၁၁ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
လူမှုမီဒီယာပေါ်က ဗီဒီယို တစ်ခုမှာ အစ္စရေး စစ်သားတွေက ပါလက်စတိုင်း ကလေးငယ် တစ်ဦးကို နှိပ်စက်ပြီး ခေါင်မိုးတစ်ခုပေါ်က တွန်းချနေတာကို မြင်တွေ့ရပါတယ်။
အဲဒီ ဗီဒီယိုရဲ့ အောက်မှာ ရေးသားခဲ့တဲ့ သမ္မတ လီဂျေးမြောင်ရဲ့ မှတ်ချက်တွေကြောင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဒေါသထွက်ခဲ့ရပါတယ်။
ဒီဗီဒီယိုဖိုင် အမှန် ဟုတ်၊မဟုတ် မိမိအနေနဲ့ လေ့လာကြည့်ဖို့ လိုအပ်ပြီး အမှန်ဆိုရင် ဘယ်လို အရေးယူဆောင်ရွက်မှုမျိုး လုပ်ထားသလဲလို့ သမ္မတ လီက ဧပြီ ၁၀ ရက်မှာမှတ်ချက်ရေးခဲ့တာ ဖြစ်ပါတယ်။
လူမှုမီဒီယာပေါ်မှာ လူအများ ဝေမျှနေကြတဲ့ အဲဒီ ဗီဒီယိုဖိုင် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေး စစ်သားတွေက အရွယ်ရောက်ပြီး သူတစ်ယောက်ရဲ့ အလောင်းကို ခေါင်မိုးပေါ်က ကန်ချနေပုံ ဖြစ်ရပ် တစ်ခုကို AFPTV က မတူညီတဲ့ မြင်ကွင်းကနေ ရိုက်ကူးမိထားတာ ရှိပါတယ်။
အဲဒီဖြစ်ရပ်ဟာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်လို့ အိမ်ဖြူတော်က ၂၀၂၄ ခုနှစ်အတွင်း ပြောကြားပြီး ရှင်းလင်းချက်ပေးဖို့ အစ္စရေးအား တောင်းဆိုခဲ့ဖူးပါတယ်။
အစ္စရေး စစ်သားတွေ ပါဝင်နေတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေး ဖြေရှင်းပြီး ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထူးဆန်းတဲ့ အကြောင်းရင်းတွေအတွက် သမ္မတ လီဂျေးမြောင်ဟာ ၂၀၂၄ ခုနှစ် ဖြစ်ရပ်ကို တူးဆွဖို့ ရွေးချယ်ခဲ့ပြီး လက်ရှိဖြစ်ရပ်လို မှားယွင်း ဖော်ပြထားတဲ့ အကောင့်အတုကို ကိုးကား ပြောဆိုနေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပါတယ်။
အဲဒီ အကောင့်ဟာ အစ္စရေး ဆန့်ကျင်ရေး သတင်းအမှားတွေ ဖြန့်ချိနေတဲ့အတွက် မကောင်းသတင်းနဲ့ ကျော်ကြားပြီး အစ္စရေးအကြောင်း သတင်းအမှားတွေ ဖြန့်နေတဲ့ အကောင့် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။
တောင်ကိုရီးယားဟာ အစ္စရေးရဲ့ အကြီးမားဆုံး မဟာမိတ် အမေရိကန်နဲ့ မဟာမိတ် ဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ ဘယ်ဖက်ကမှ မထောက်ခံခဲ့ပါဘူး။
Ref:AFP

