ဝါရှင်တန် ဩဂုတ် ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာကနေ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့ လျှောက်ထားတဲ့ ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ လျှောက်ထားသူတွေရဲ့ ဗီဇာအင်တာဗျူး ရက်ချိန်းတွေကို ကမ္ဘာတစ်ဝန်း ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တာဟာ ထရန့် အစိုးရရဲ့ ဒုတိယသက်တမ်းအတွင်း အရှိန်မြှင့်လုပ်ဆောင်နေတဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်ရေးနဲ့ ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ဖြစ်ပေါ်လာတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လေ့ကျင့်သင်တန်းအစီအစဉ်တစ်ခု စတင်လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ အဲဒီသင်တန်းတွေနဲ့ ကိုက်ညီအောင် ဗီဇာဝန်ဆောင်မှု ချိန်းဆိုမှုတွေကို ပြန်လည်ညှိနှိုင်းသွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားရေးဌာနကတော့ လေ့ကျင့်ရေး သင်တန်းရဲ့ အသေးစိတ်အကြောင်းအရာနဲ့ ဘယ်လောက်ကြာကြာ ပြုလုပ်သွားမလဲဆိုတာကို တိတိကျကျ မပြောထားပါဘူး။

ဒါပေမယ့် ဒီသင်တန်းဟာ အမေရိကန်နိုင်ငံထဲရောက်ရှိလာပြီးနောက် အစိုးရရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို အလွန်အမင်း မှီခိုလာနိုင်တဲ့သူတွေကို ပိုမိုထိရောက်စွာ စစ်ဆေးဖော်ထုတ်နိုင်ဖို့နဲ့ ဗီဇာလျှောက်ထားသူတွေကို ပိုမိုပြည့်စုံပြီး တပြေးညီ စိစစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ထရန့် အစိုးရဟာ လက်ရှိမှာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပြည်နှင်ဒဏ်ပေးတာအပြင် ဗီဇာနဲ့ အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ်တွေ ပြန်လည်ရုပ်သိမ်းတာ၊ ဗီဇာလျှောက်ထားမှုတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းပယ်တာ စတဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

အဲဒီအကြောင်းပြချက်တွေထဲမှာ လျှောက်ထားသူတွေရဲ့ နိုင်ငံရေးအမြင်တွေနဲ့ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းလိုလားသူ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မှုတွေတောင် ပါဝင်လာပါတယ်။

ထရန့် ဘက်ကတော့ ဒီလို လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုတွေဟာ အမေရိကန်ပြည်တွင်းလုံခြုံရေးကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာလို့ ပြောထားပါတယ်။

ဒါပေမယ့် ထရန့် အစိုးရရဲ့ မူဝါဒတချို့ဟာ တရားရုံးတွေရဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကလည်း နိုင်ငံပေါင်း ၇၅ နိုင်ငံက ရွှေ့ပြောင်းအခြေချ ဗီဇာလျှောက်ထားသူတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားတဲ့ အစိုးရရဲ့ မူဝါဒတစ်ရပ်ကို အမေရိကန်တရားသူကြီးတစ်ဦးက ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီမူဝါဒဟာ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုရဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ အာဏာကို ကျော်လွန်နေတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

အခုတစ်ကြိမ် ချိန်းဆိုမှုတွေ ရွှေ့ဆိုင်းလိုက်တဲ့အခြေအနေမှာတော့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ အင်တာဗျူးချိန်းထားပြီးသား ရွှေ့ပြောင်းအခြေချ ဗီဇာလျှောက်ထားသူ တချို့ဟာ သူတို့ရဲ့ မူလချိန်းဆိုထားတဲ့ရက်ကို ပြန်လည်ရွှေ့ဆိုင်းလိုက်ကြောင်း အီးမေးလ်တွေ လက်ခံရရှိထားကြတယ်လို့ Financial Times က ဖော်ပြပါတယ်။

လျှောက်ထားသူတွေအနေနဲ့ နောက်ထပ်အင်တာဗျူးရက်အသစ်ကို သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံးဘက်က ပြန်လည်အသိပေးသွားမယ်လို့ အဲဒီအီးမေးလ်တွေမှာ ရေးထားပါတယ်။

တစ်ဖက်မှာတော့ လူ့အခွင့်အရေးအဖွဲ့တွေက ထရန့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်ရေး မူဝါဒတွေဟာ ခွဲခြားဆက်ဆံမှုရှိပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံအတွင်းမှာလည်း ဒီလို တင်းကျပ်တဲ့ မူဝါဒတွေကြောင့် အထူးသဖြင့် လူမျိုးစုနည်းပါးသူတွေအတွက် လူမျိုးရေးအရ ခွဲခြားစစ်ဆေးခံရနိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.