အစ္စလာမာဘတ် ဩဂုတ် ၂၆

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်မှာရှိတဲ့ အစိုးရဆေးရုံကြီးတစ်ခုရဲ့ မီးဖွားဆောင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစကလေး ၁၄ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေနဲ့ အစိုးရက ပြောပါတယ်။

မီးလောင်မှုဟာ ဩဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ Pakistan Institute of Medical Sciences (PIMS) ဆေးရုံရဲ့ မိခင်နဲ့ကလေးကျန်းမာရေးဌာန တတိယထပ်မှာရှိတဲ့ မွေးကင်းစကလေးတွေ ထားရှိရာ စောင့်ရှောက်ခန်း အခန်းအတွင်း စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ မီးဟာ ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၅ မိနစ်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကတော့ စောင့်ရှောက်ခန်းအတွင်း တပ်ဆင်ထားတဲ့ လေအေးပေးစက်ရဲ့ Compressor ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ကနဦးသုံးသပ်ထားပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်ကျွမ်းကျင်သူတွေ၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အခင်းဖြစ်ရာကို ချက်ချင်းသွားရောက်ခဲ့ပြီး မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုအတွင်း မွေးကင်းစကလေးငယ် အနည်းဆုံးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ မီးလောင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရတာကြောင့် သူတို့ရဲ့ ရုပ်အလောင်းတွေကို မိသားစုထံ လွှဲပြောင်းမပေးခင် DNA စစ်ဆေးပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်အတည်ပြုမှု ပြုလုပ်ရမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအခြေအနေကြောင့် သားသမီးတွေရဲ့ ရုပ်အလောင်းတွေကို ချက်ချင်းပြန်လည်ပေးအပ်ဖို့ တောင်းဆိုနေကြတဲ့ မိဘတွေအတွက်လည်း ပိုမိုခက်ခဲတဲ့ အခြေအနေတစ်ရပ် ဖြစ်လာပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှီဟက်ရှဟစ်က အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ ဒီလိုအခြေအနေမျိုးကြောင့် ကလေးငယ်တွေ ဆုံးရှုံးရတာဟာ ပြန်လည်အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဖော်ပြထားပြီး သေဆုံးသွားတဲ့ အပြစ်မဲ့ကလေးငယ်တွေရဲ့ မိသားစုတွေအတွက် အလွန်ဝမ်းနည်းကြောင်းနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အဆောက်အအုံကြီးတွေ မီးလောင်မှုဖြစ်ပွားတာဟာ မကြာခဏဆိုသလို ကြုံတွေ့နေရပြီး အဆောက်အအုံ လုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ အားနည်းတာ၊ အဆောက်အဦ စံသတ်မှတ်ချက်တွေကို ထိရောက်စွာ မလိုက်နာတာနဲ့ သက်ဆိုင်ရာ စည်းမျဉ်းတွေကို အကောင်အထည်ဖော်ရာမှာ အားနည်းတာတွေက မီးလောင်မှုတွေမှာ သေဆုံးသူအရေအတွက် မြင့်တက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုအဖြစ် ဝေဖန်ခံနေရပါတယ်။

Ref:euronews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.