နယူးယောက်၊ သြဂုတ် ၂၆
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ထပ်မံ လျော့ကျလာနေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
မြေရှား သတ္တုတွေအတွက် တရားမဝင် မိုင်းတွင်းတူးဖော်မှုတွေ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့ ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေနဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် အဆိုးရွားဆုံး ရက်စက် စော်ကားမှုတွေကို ကိုးကားပြီး ကုလသမဂ္ဂက အခုလိုမျိုး ပြောကြားထားတာ ဖြစ်ပါတယ်။
သြဂုတ် ၂၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာ စစ်တပ်ရဲ့ ထိန်းချုပ်ထားဖို့ ကြိုးပမ်းမှုနဲ့ တရားဝင် အစိုးရ ဖြစ်လာဖို့ ကြိုးပမ်းမှုကြောင့် အရပ်သား ပြည်သူတွေ နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားနေရရုံပဲ ဖြစ်စေတယ်လို့ ဖော်ပြပါတယ်။
မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ၊ မီးရှို့ တိုက်ခိုက်မှုတွေ၊ နှင်ထုတ်မှုနဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ အကူအညီ ပေးပို့ခွင့် ငြင်းပယ်တာမျိုးလို နည်းပရိယာယ်တွေ သုံးနေတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ ရေးပါတယ်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ကလေးငယ် ၁၀၇၄ ဦး အပါအဝင် အရပ်သား ၈၀၇၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ တစ်နှစ်တည်းအတွင်းမှာပဲ ၁၂၄၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သတ်ဖြတ်ခံရသူ အရေအတွက် ပိုများလာဖွယ်ရှိတယ်လို့ အဲဒီ အစီရင်ခံချက်မှာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ပြည်သူ ၁၅၇၃၁ ဦး သတ်ဖြတ်ခံခဲ့ရဖွယ်ရှိပြီး ပြီးခဲ့တဲ့ နှစ်မှာ ၃၁၀၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြည်တွင်း စစ်ဘေးရှောင် အရေအတွက်လည်း ပိုများလာပြီး ၃ ဒသမ ၆ သန်းအထိ ရှိလာပြီ ဖြစ်ပါတယ်။
မြန်မာ ပြည်သူ ၁၂ ဒသမ ၄ သန်းဟာ ပြင်းထန်တဲ့ ဆာလောင် ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရပြီး ကလေးငယ်တွေနဲ့ မိခင် ၄ သိန်းဟာ ပြင်းထန်တဲ့ အာဟာရ ချို့တဲ့မှုဒဏ် ခံနေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး မွတ်စလင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဥပဒေချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရိုဟင်ဂျာ ၇ သန်းကျော် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးသွားခဲ့ရတဲ့ ရက်ရက်စက်စက် နှိမ်နှင်းမှုတွေပြီးနောက် ၉ နှစ်အကြာမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး နောက်ထပ် ထွက်ပြေးရသူတွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ရိုဟင်ဂျာတွေကို စစ်သားသစ်အဖြစ် စုဆောင်းဖို့ခေါ်ယူချိန်မှာလည်း ရိုက်နှက်မှုတွေ၊ လက်သည်းခွံခွာ ချွတ်မှုတွေ ကျေးရွာတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ဖျက်ဆီးမှုတွေ ရှိကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။
အတင်းအကြပ် စစ်သားစုဆောင်းမှုကြောင့် ရိုဟင်ဂျာ လူငယ်တွေ ထွက်ပြေးနေရပြီး မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် တရားမဝင် စီးပွားရေး လုပ်ငန်းတွေ အများအပြားရှိနေတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝန်ဂိုဏ်းတွေ ပိုများလာကြောင်းလည်း ကုလသမဂ္ဂက ဆိုပါတယ်။
တရုတ် ထောက်ပံ့ပေးထားတဲ့ မိုင်းတွင်း လုပ်ငန်းတွေကြောင့် ရေထု လေထု ညစ်ညမ်းမှုတွေ ရှိနေတဲ့အတွက် ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေ ကန့်ကွက် ဆန္ဒပြနေပြီး အရေးယူ ဆောင်ရွက်ပေးဖို့ ထိုင်း အစိုးရကို တောင်းဆိုထားပါတယ်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး ကိုယ်ဝန် ပျက်ကျမှုတွေ တခြား ကိုယ်ဝန်ဆောင်မှုဆိုင်ရာ ရှုပ်ထွေးမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
အခုလို လေ့လာတွေ့ရှိတာက အများကြီး ပြဿနာ ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်စ်က ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ဖို့ ပြန်လည် စဉ်းစားရေး နိုင်ငံတွေ၊ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်းကြောင်းလည်း သူက ပြောပါတယ်။
ပြည်ပနိုင်ငံတွေနဲ့ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာ ပြည်သူတွေအတွက် မျှမျှတတ စဉ်စားကြဖို့လည်းသူက တိုက်တွန်း ပြောဆိုပါတယ်။
Ref:Aljazeera

