ဝါရှင်တန်၊ သြဂုတ် ၂၆
အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်က ပိတ်ဆို့ထားတဲ့ ဟောမု့ဇ် ရေလက်ကြားရှိ မိုင်းတွေ အားလုံးကို ဖယ်ရှား ရှင်းလင်းပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။
အီရန်က မိုင်း နောက်ထပ် ထောင်ဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေနဲ့ လှေတွေ မှန်သမျှကို ချက်ချင်း စနစ်တကျ ဖျက်ဆီးပစ်မှာ ဖြစ်ကြောင်း အီရန်ကို အသိပေးထားတယ်လို့ ထရန့် Truth Social လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ထရန့်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ အီရန်က မှတ်ချက်ပြုထားတာ မရှိသေးပါဘူး။
အဲဒီ ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် ကမ္ဘာ့ ဈေးကွက်တွေမှာ ရေနံဈေး သိသိသာသာ မြင့်တက်လာနေပါတယ်။
အဲဒီ ဒေသကို အမေရိကန်က ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း ထရန့်က မကြာခဏ ပြောကြားထားပေမယ့် အီရန်က သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ရေလမ်းကြောင်း ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို ပစ်ခတ် တိုက်ခိုက်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် တိုက်ခိုက်ပြီး စစ်ပွဲ မစတင်ခင်က ဟောမု့ဇ် ရေလက်ကြားကနေ ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။
အီရန်က ရေလက်ကြား ပိတ်ထားတာအပြင် ဒေသတွင်းရှိ အစ္စရေးနဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး ပင်လယ်ကွေ့ရှိ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးဖို့ ရည်ရွယ်တဲ့ အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားပြီး အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အခု သီတင်းပတ်အတွင်း အမေရိကန်က အီရန်အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု အများအပြား ကြေညာထားပါတယ်။
အီရန်နဲ့ ဘဏ္ဍာရေးအရ လက်တွဲနေတဲ့ နိုင်ငံမှန်သမျှ သင်းကွဲ ဖြစ်အောင် လုပ်ပစ်မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ခြိမ်းခြောက်ထားပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ဇွန်လက နားလည်မှု စာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ဟောမု့ဇ် ရေလက်ကြားနဲ့ ပတ်သက်လို့ သဘောတူညီမှု ရရှိရေး ရက် ၆၀ သတ်မှတ်ထားတဲ့ အချက် ၁၄ ချက်ပါ သဘောတူ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ နားလည်မှု စာချွန်လွှာအရ အီရန်ရဲ့ နျူကလီးယား စီမံကိန်း ကိစ္စကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အီရန်ဟာ အရပ်ဖက် နျူကလီးယား စွမ်းအင် သုံးစွဲရေး အကြောင်းပြပြီး နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
တီဟီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် သီးသန့် ဖြစ်တယ်လို့ ပြောထားပေမယ့် ယူရေနီယံ သန့်စင်မှုကို လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးနီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ သဘောတူညီမှုဟာ အခုအချိန်မှာ သက်တမ်း ကုန်သွားပြီ ဖြစ်ပြီး ဆွေးနွေးမှုတွေလည်း မအောင်မြင်ဘဲ အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ လုပ်ဆောင်ထားပါတယ်။
ထရန့်က အီရန်အပေါ် နောက်ထပ် ပြုလုပ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့အတူ အီရန် အစိုးရကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
၁၉၇၉ ခုနှစ်က အစ္စလာမ်မစ် ပြည်ထောင်စု တည်ထောင်ပြီးကတည်းက အီရန်ဟာ အချိန် အများစုမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အီရန် စီးပွားရေးဝန်ကြီး အလီ မာဒါနီဇာဒက်က အမေရိကန်ရဲ့ ပိုမို ကျယ်ပြန့်လာတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေအတွက် အပြည့်အဝ ကြိုတင် ပြင်ဆင်ထားပြီး အမေရိကန်အတွက် နောက်ထပ် ရှုံးနိမ့်မှု တစ်ခုဆီ ဦးတည်သွားလိမ့်မယ်လို့ ပြောထားပါတယ်။
အီရန် စစ်ပွဲနဲ့ အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ရေတပ်နဲ့ ပိတ်ဆို့ထားတာကြောင့် အီရန် စီးပွားရေး အထိနာနေပြီး ရေနံတင်ပို့မှု အားလုံး ရပ်တန့်သွားအောင် လုပ်ဆောင်မယ်လို့ ဝါရှင်တန်က ခြိမ်းခြောက်ထားပါတယ်။
အီရန် ရေနံတွေကို အများဆုံး ဝယ်ယူနေတဲ့ တရုတ်က အီရန်အပေါ် အမေရိကန်ရဲ့ တရားမဝင် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကြောင်း သြဂုတ် ၂၅ ရက်က ပြောပါတယ်။
မိမိတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ရေး လိုအပ်တဲ့ အစီအစဉ်တွေ အားလုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း အီရန်က ပြောပါတယ်။
Ref:BBC

