ဘေဂျင်း၊ သြဂုတ် ၂၅
အီရန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာ ဥပဒေ မူဘောင်အတွင်း ဆောင်ရွက်နေတာ ဖြစ်ပြီး ကြားဝင်စွက်ဖက်တာ ဒါမှမဟုတ် နှောင့်ယှက်တာမျိုး မလုပ်သင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
အီရန်အပေါ် သမိုင်းတလျှောက် တခါမှ မမြင်တွေ့ဖူးတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောကြာထားမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခုလိုမျိုး တုံ့ပြန်လာတာပါ။
အခြေအနေ ဖြစ်ပေါ် ပြောင်းလဲမှုကို တရုတ်က အနီးကပ် စောင့်ကြည့်နေပြီး မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ရေး လိုအပ်တဲ့ အစီအစဉ်အားလုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်က အီရန် လူပုဂ္ဂိုလ်၊ လုပ်ငန်းနဲ့ သင်္ဘော ၆၀ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ကြောင်း သြဂုတ် ၂၄ ရက်မှာ ကြေညာပါတယ်။
အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောကို ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်က ပြောထားပေမယ့် အဆုံးစွန် အပြစ်ပေးမယ့် အစီအစဉ်တွေတော့ ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။
အီရန်အပေါ် စီးပွားရေး စစ်ပွဲ ကြေညာကြောင်း အမေရိကန်က ပြောကြားပြီးနောက် အမေရိကန်ရဲ့ ကျယ်ပြန့်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ ယုံကြည်မှု အပြည့်ရှိကြောင်း အီရန်က ပြောပါတယ်။
အီရန်ကို ကမ္ဘာ့စီးပွားရေးကနေ သီးခြား ဖြစ်သွားအောင် လုပ်ပစ်မှာဖြစ်ကြောင်းနဲ့ နောက်ထပ် ကြီးကြီးမားမား စစ်ဆင်ရေးတွေ လုပ်ဆောင်စရာ မလိုတော့အောင် အီရန် စီးပွားရေး အထိနာအောင် လုပ်ဆောင်မယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေအတွက် တီဟီရန်အနေနဲ့ ရာနှုန်းပြည့် ကြိုတင် ပြင်ဆင်ထားကြောင်း အီရန် စီးပွားရေးဝန်ကြီး အလီ မာဒါနီဇာဒက်က ပြောပါတယ်။’
အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်လုပ်ရင် နောက်ထပ် ရှုံးနိမ့်မှု တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်းသူက ဆိုပါတယ်။
အီရန်နဲ့ ဘဏ္ဍာရေးအရ လက်တွဲနေတဲ့ ဘယ်နိုင်ငံမဆို သင်းကွဲ ဖြစ်သွားအောင် လုပ်ဆောင်ခံရမှာ ဖြစ်ပြီး အီရန်နဲ့ အလုပ်တွဲလုပ်နေတဲ့ ဘဏ်တွေ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ဆက်ဆံမှု ဖြတ်တောက်ဖို့ ငြင်းဆန်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က ခြိမ်းခြောက်ထားပါတယ်။
အီရန်ရဲ့ ဝင်ငွေရပေါက် အားလုံးကို အမေရိကန်က ပိတ်ဆို့ဖို့ စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က ပြောပါတယ်။
အီရန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေ ရှိနေတာကြောင့် အမေရိကန်ရဲ့ နောက်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေ အလုပ်ဖြစ်၊ မဖြစ် စီးပွားရေး ပညာရှင် တချို့က မေးခွန်းထုတ်ထားပါတယ်။
Ref:Reuters

