ထိုင်းနိုင်ငံရှိ လောင်းကစားမှု သံသယရှိသူတွေကို ခြေရာခံဖို့ တောင်ကိုရီးယားက နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ အကူအညီ တောင်း

ဘန်ကောက်၊ ဆိုးလ်၊ သြဂုတ် ၂၅

တောင်ကိုရီးယား အူဆန် ဒေသရှိ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယုံကြည်ရတဲ့ ဝရမ်းပြေး ၅ ဦးကို အနီရောင် သတိပေးချက် ထုတ်ပြန်ပေးဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုထံ တောင်းဆိုထားပါတယ်။

ပြည်ပသို့ ထွက်ပြေးသွားတဲ့ သံသယရှိသူတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ခါးသီးတဲ့ အဆုံးသတ်အထိ ရောက်အောင် မိမိတို့ ခြေရာခံ လိုက်ရှာသွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟတ် သတင်းဌာနက ဖော်ပြလာတာပါ။

အူဆန် ဒေသဟာ တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြို့ပြ ဒေသ ဖြစ်ပါတယ်။

အဲဒီ သံသယရှိသူ ၅ ဦးဟာ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်အထိ ရှိတဲ့ လူ ၁၂ ဦး ပါဝင်တဲ့ ဂိုဏ်းဝင်တွေ ဖြစ်ပြီး တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက ပြီးခဲ့တဲ့နှစ် မတ်လက စတင်ပြီး စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဂိုဏ်းနဲ့ ပတ်သက်လို့ သတင်းပေး တိုင်ကြားမှုတွေ ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အွန်လိုင်း လောင်းကစားလုပ်ငန်းကို စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ တရားမဝင် လောင်းကစား လုပ်ငန်း၊ အွန်လိုင်း ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်း စလော့ဂိမ်း လုပ်ငန်းတွေကို ၂၀၂၂ နိုဝင်ဘာလနဲ့ ၂၀၂၅ ဇူလိုင်လကြား လုပ်ကိုင်ခဲ့တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားပါတယ်။

သူတို့ရဲ့ လောင်းကစား လုပ်ငန်းတွေကို အင်ချွန်မြို့အပါအဝင် တောင်ကိုရီးယား မြို့ကြီးတွေမှာ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောဆိုမှုကို ကိုးကားပြီး တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။

တရားမဝင် လုပ်ငန်းတွေက အဲဲဒီ သံသယရှိသူတွေဟာ ကိုရီးယား ဝမ်ငွေ ၆၀ ဘီလီယံ ရရှိခဲ့တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နှင်းရေး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုထံ အ ကူအညီ တောင်းခံထားပြီး ထိုင်း အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.