ယူကရိန်းကို ပြင်သစ်နဲ့ ဗြိတိန်က ဆက်လက် ကူညီထောက်ပံ့မယ်လို့ ကတိပြု

Ukraine's President Volodymyr Zelenskiy welcomes and shakes hands with British Prime Minister Andy Burnham upon his arrival at Horodetskyi House ahead of their bilateral meeting in Kyiv, Ukraine, August 24, 2026. HENRY NICHOLLS/Pool via REUTERS

ကိယက်ဗ် ဩဂုတ် ၂၅

ဩဂုတ် ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းရဲ့ ၃၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဗြိတိန်နဲ့ ပြင်သစ်တို့က ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့တွေကို ပိုမိုမြှင့်တင်ပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ မဟာမိတ်နိုင်ငံတွေ တွေ့ဆုံခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘာဟမ်က ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်ကို တတ်နိုင်သမျှ အားဖြည့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုအနေနဲ့ ဗြိတိန်က ယူကရိန်းကို စတုမ်းရှဲဒိုး တာဝေးပစ် ခရုဇ်ဒုံးကျည်တွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ လျှို့ဝှက်နည်းပညာတွေ အသုံးပြုခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ပြင်သစ်ကလည်း အဲဒီ နည်းပညာကို လိုင်စင်နဲ့ ပေးအပ်ဖို့ သဘောတူထားပါတယ်။

တစ်ဖက်မှာ ရုရှားက ယူကရိန်းကို ဗြိတိန်နည်းပညာ ပေးအပ်တာဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေပြီး စစ်ပွဲကို ပိုမိုတောက်လောင်စေမယ့်လုပ်ရပ်ဖြစ်တယ်လို့ သတိပေးထားပါတယ်။

ရုရှားက ယူကရိန်းမြို့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာကြောင့် ယူကရိန်းဟာ အမေရိကန်လုပ် Patriot လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ကြားဖြတ်စနစ်တွေ ပြတ်လပ်နေပါတယ်။

သမ္မတ ဗလိုဒီမီယာ ဇီလန်စကီးက လာမယ့်ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ Patriot ဒုံးကျည် အနည်းဆုံး ၃၀၀ လိုအပ်တယ်လို့ ပြောပြီး မဟာမိတ်နိုင်ငံတွေထံကနေ လေကြောင်းရန် ကာကွယ်ရေးအကူအညီတွေ အမြန်ဆုံးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း မကြာသေးခင်က ယူကရိန်းမြို့တွေမှာ လူသေဆုံးမှုများတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကြားဖြတ်ဟန့်တားနိုင်တဲ့ ဒုံးကျည်တွေ ပိုမိုမြန်ဆန်စွာ ပေးပို့ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

ဒါ့အပြင် သမ္မတ ဇီလန်စကီးက အခုနှစ် ယူကရိန်းစစ်ရေးအသုံးစရိတ်မှာ ဒေါ်လာ ၂၇ ဘီလီယံခန့် လိုငွေပြနေတယ်လို့ ပြောပြီး ဘဏ္ဍာရေးအကူအညီ ထပ်မံတောင်းခံခဲ့ပါတယ်။ ရုရှားရဲ့ ပြည်ပမှာ ပိတ်ဆို့ခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ယူကရိန်းစစ်ရေးအတွက် အသုံးပြုနိုင်ရေးလည်း အဆိုပြုထားပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂမှာ နိုင်ငံပေါင်း ၅၀ ကျော်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်ခွင့်ကို ထောက်ခံကြောင်း ထပ်မံအတည်ပြုပြီး ရုရှားအနေနဲ့ ချက်ချင်း၊ အပြည့်အဝနဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြပါတယ်။

ယူကရိန်းဘက်ကတော့ ငြိမ်းချမ်းရေးလိုလားပေမယ့် နယ်မြေတွေ လက်လွှတ်ပြီး အရှုံးပေးမှာမဟုတ်ဘူးလို့ ပြောထားပြီး ရုရှားရဲ့ ထိုးစစ်ကို ရပ်တန့်နိုင်ဖို့ မဟာမိတ်တွေဆီက စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီတွေ ဆက်လက်တောင်းဆိုနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.