အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲရေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုကို ဖျက်သိမ်း

ဆိုးလ် ဩဂုတ် ၂၅

အမေရိကန်-အစ္စရေးတို့နဲ့ အီရန်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ရရှိနိုင်မှု ကန့်သတ်လာတာကို အကြောင်းပြပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ လာမယ့်လမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ပါတယ်။

တောင်ကိုရီးယား မရိန်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟန်ဆွန်းဂျွန်က အမေရိကန် မရိန်းတပ်ဖွဲ့အနေနဲ့ အရှေ့အလယ်ပိုင်းအခြေအနေကြောင့် အခုနှစ် ဆန်းယုံးစစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့တွေ ပို့ဆောင်နိုင်မှု အကန့်အသတ်ရှိမယ်လို့ ဇွန်လအတွင်း တရားဝင်အကြောင်းကြားခဲ့ကြောင်း ပြောပါတယ်။

ဆန်းယုံးလေ့ကျင့်မှုကို ၂ နှစ် တစ်ကြိမ် ပြုလုပ်တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန် မရိန်းတပ်ဖွဲ့တွေ ပါဝင်ကာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ မြေပြင်တပ်ဖွဲ့တွေ အသုံးပြုပြီး ကမ်းခြေကနေ ရေကြောင်းဆင်းသက်တိုက်ခိုက်မှုတွေကို ပူးတွဲလေ့ကျင့်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီ ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို ဘယ်အချိန်မှာ ပြန်လည်ကျင်းပြုလုပ်မလဲတာကို နှစ်နိုင်ငံ ဆက်လက်ဆွေးနွေးနေတယ်လို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးခင်က တောင်ကိုရီးယားနဲ့ နှစ်စဉ်ပြုလုပ်နေတဲ့ အူလ်ချီလွတ်မြောက်မှုဒိုင်းကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း လျှော့ချဖို့ အမိန့်ပေးခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။

အဲဒီလေ့ကျင့်မှုကို မူလက ၁၁ ရက်ကြာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ၅ ရက်သာ ပြုလုပ်ပြီး အချိန်လျှော့ချခဲ့တာပါ။ သမ္မတ ထရန့်က အီရန်စစ်ပွဲမှာ တောင်ကိုရီးယားဘက်က ပါဝင်ဖို့ ငြင်းဆိုခဲ့တာနဲ့ ကုန်ကျစရိတ်တွေကိုလည်း လျှော့ချရမယ်ဆိုတာကို အကြောင်းပြထားပါတယ်။

တစ်ဖက်မှာတော့ စစ်ရေးလေ့ကျင့်မှုတွေ လျှော့ချခဲ့ပေမယ့် မြောက်ကိုရီးယားက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်း ပစ်လွှတ်ခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သူတို့နိုင်ငံကို ကျူးကျော်ဖို့ ကြိုတင်လေ့ကျင့်နေမှုအဖြစ် နှစ်ပေါင်းများစွာ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ထရန့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းလိုကြောင်း ပြောဆိုထားပြီး မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ၅၇ ခုလောက်ရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ၈၀ ကနေ ၁၂၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

၂၀၁၉ ခုနှစ် ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမှာ ထရန့်နဲ့ ကင်ဂျုံအွန်းတို့ကြားသဘောတူညီချက်မရ ဖြစ်ခဲ့ပြီးနောင် မြောက်ကိုရီးယားက နျူကလီးယားလက်နက်အစီအစဉ်တွေကို ပိုမိုမြှင့်တင်လာခဲ့တာ ဖြစ်ပါတယ်။

Ref:aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.