ဆိုးလ်၊ သြဂုတ် ၂၄
မြောက်ကိုရီးယားက ရုရှားမှာ နောက်ထပ် စစ်သားတွေ ဆက်လက် ချထားရေး ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို တပ်ဖွဲ့ဝင်တွေချထားရေး မလွဲဧကန် ဖြစ်လာမယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရသေးကြောင်း တောင်ကိုရီးယား လွှတ်တော် အမတ်ရုံးက ပြောပါတယ်။
မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်ဖို့နဲ့ ရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင် ၅၀၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျောင်က ငြင်းဆိုခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားအတွက် တာတိုပစ် ပဲ့ထိန်း ဒုံကျည်တွေ အပါအဝင် လက်နက် စနစ်တွေ ဆက်လက် ထောက်ပံ့ရေး စီစဉ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်အမတ် ယူယောင်ဝန်းသို့ ပေးပို့ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားက ရုရှားသို့ လက်နက်ကြီး ကျည်ဆံ ၁၅ သန်းကျော် ထောက်ပံ့ထားပြီး ကျည်အကြီးစား အခွံ ၁၅၂ မီလီမီတာနဲ့ ညီမျှကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီကို ကိုးကားပြီး လွှတ်တော်အမတ်ရုံးက ဖော်ပြရာမှာ မြောက်ကိုရီးယားက ယူကရိန်း စစ်ပွဲ အတွင်း ထောက်ပံ့ထားတဲ့ ဒုံးကျည်တွေဟာ စစ်မြေပြင်မှာ တိကျသေချာမှု ပိုများလာနေပြီး ရုရှားရဲ့ အဆင့်မြင့် နည်းပညာနဲ့ ပူးပေါင်း အသုံးပြုမှုကြောင့် ထိရောက်မှု ပိုများလာကြောင်း သိရပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ လက်နက် စနစ်တွေကို ယူကရိန်းမှာ ရုရှားအတွက် စမ်းသပ် အသုံးပြုနေပြီး တောင်ကိုရီးယားကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ကြိုတင် စမ်းသပ်နေတာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောထားပါတယ်။
မြောက်ကိုရီးယားက အမေရိကန်နိုင်ငံအထိ ပစ်ခတ် ရောက်ရှိနိုင်တဲ့ ဟွာဆောင်- ၁၂ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ထားကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောဆိုပါတယ်။
မြောက်ကိုရီးယားက စမ်းသပ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ အမေရိကန် ကုန်းတွင်းပိုင်းအထိ ပစ်ခတ် ရောက်ရှိနိုင်ကြောင်း သိရပါတယ်။
အခုနှစ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ လက်ထောက် အရာရှိတွေကို တွန်းအားပေးထားကြောင်း သိရပါတယ်။
Ref:Reuters

