ဘေဂျင်း၊ သြဂုတ် ၂၄
တရုတ် စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ Honor က ထုတ်လုပ် တည်ဆောက်ထားတဲ့ လူသားစက်ရုပ် တစ်ရုပ်ဟာ မီတာ ၁၀၀ ကို ၉ ဒသမ ၃၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက သြဂုတ် ၂၂ ရက်မှာ ဖော်ပြပါတယ်။
အဲဒီ စံချိန်ဟာ ဂျမေကာ တာတို အပြေးချန်ပီယံ အူစိန်ဘော့ တင်ထားတဲ့ စံချိန်ကို တရုတ် လူသားစက်ရုပ်က ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
လျှပ်စီးလို့ အမည်ရတဲ့ အဲဒီ လူသား စက်ရုပ်ဟာ ဒုတိယမြောက် လူသားစက်ရုပ် ကစားပွဲတွေအတွက် စမ်းသပ် ပြိုင်ဆိုင်ရာမှာ သူ့ရဲ့ အမြန်ဆန်ဆုံး အရှိန်အတွင်း တစ်စက္ကန့်ကို ၁၄ ဒသမ ၅ မီတာနှုန်း ပြေးလွှားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စက်ရုပ် စွမ်းရည် ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပြီး လူသား စက်ရုပ်တွေရဲ့ တခြား စွမ်းရည်တွေကိုလည်း ထုတ်ဖော် ပြသခဲ့ပါတယ်။
ကမ္ဘာ့ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉ ဒသမ ၅၈ စက္ကန့်နဲ့ ၂၀၀၉ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ အူစိန်ဘော့ရဲ့ စံချိန်ကို တရုတ် လူသား စက်ရုပ်က ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။’
တရုတ်က ဗျူဟာကျကျ ထွန်းသစ်စ စီးပွားရေးကဏ္ဍအနေနဲ့ လူသား စက်ရုပ်တွေ ထုတ်လုပ်မှုကို ဦးဆောင်ဦးရွက် ပြုနေပြီး ဉာဏ်ရည်တု နည်းပညာ၊ တခြား ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းတွေကအစ အားလုံးထက် ဈေးကွက်ရှေ့ ရောက်ရှိရေး ကြိုးပမ်းနေပါတယ်။
လျှပ်စီးလို့ နာမည် ပေးထားတဲ့ စက်ရုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ ဘေဂျင်း ၂၁ ကီလိုမီတာ တာဝက် မာရသွန် ပြေးပွဲမှာ ၅၀ မိနစ် ၂၆ စက္ကန့်နဲ့ ပထမဆုံး ပန်းဝင်ပြီး ထိပ်တန်း အမျိုးအစား ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်ပါတယ်။
တာဝက် မာရသွန် ပြေးပွဲအတွင်း အဲဒီ အနိုင်ရ စက်ရုပ်ဟာ အမြင့် ၁၆၉ စင်တီမီတာ ရှိပြီး ခြေထောက် အရှည် ၉၅ စင်တီမီတာ ရှိကြောင်း သိရပါတယ်။
တရုတ်က လူသားစက်ရုပ်ထုတ်လုပ်မှုကို ဉာဏ်ရည်တု နည်းပညာနဲ့ ပူးတွဲထုတ်လုပ်လာပြီး သက်ကြီးရွယ်အိုတွေ ကူညီ စောင့်ရှောက်ရေး လိုအပ်နေတဲ့ ဂျပန်လို နိုင်ငံတွေသို့ တင်ပို့ရေး ရည်ရွယ်ထားပါတယ်။
Ref:Independent

