ကွန်ဂို အစိုးရနဲ့ M23 လက်နက်ကိုင်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်သဘောတူညီမှု ရရှိ

ဘရက်ဇ်ဇာဘေးလ်၊ သြဂုတ် ၂၄

ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စု အစိုးရနဲ့ ရဝမ်ဒါ ထောက်ပံ့ထားတဲ့ M23 လက်နက်ကိုင် အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် လမ်းပြမြေပုံကို သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ၅ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပူးတွဲ ကြေညာချက် တစ်ရပ်မှာ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ကတိပြုခဲ့ကြပြီး အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ယန္တရား တစ်ခု တည်ဆောက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ်က သူတို့ လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန် ကြားဝင်ညှိနှိုင်းပေးတဲ့ ငြိမ်းချမ်းရေး မူဘောင်အရ အဲဒီ လမ်းပြမြေပုံက ဆွေးနွေးမှုတွေအတွက် အချိန်ကာလ သတ်မှတ်ထားပါတယ်။

ကွန်ဂို အရှေ့ပိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ ပဋိပက္ခအတွင်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာပါ။

M23 လက်နက်ကိုင် အဖွဲ့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအဝင် ပြဿနာတွေနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်မယ့် အချိန်နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး ကိစ္စတွေ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းမှုတွေမှာ M23 အဖွဲ့၊ ကွန်ဂို အစိုးရ၊ ကာတာနဲ့ အမေရိကန်၊ တိုဂိုနိုင်ငံ၊ အာဖရိကသမဂ္ဂ ကော်မရှင်နဲ့ အိမ်ရှင် ဆွစ်ဇာလန်နိုင်ငံတို့ ပါဝင်ခဲ့ပါတယ်။

ဒိုဟာ မူဘောင် သဘောတူညီမှုအရ ကတိကဝတ်တွေနဲ့ တာဝန်ခံမှုတွေအကောင်အထည် ဖော်ရာမှာ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းရေး တိုးတက်မှု အခြေအနေတွေကို ပြန်လည် သုံးသပ်ရေး တာဝန်ပေးမယ့် ယန္တရား တစ်ခု စတင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးက သဘောတူထားကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပစ်အခတ် ရပ်စဲမှု ချိုးဖောက်တာတွေကို စောင့်ကြည့်မယ့် အဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူထားကြပါတယ်။

အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့က မင်နမ်ဘွေ ဒေသနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ တောင်ကီဗူး ဒေသမှာ သက်သေ အထောက်အထား ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို သြဂုတ် ၂၄ ရက်က စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မြောက်ကီဗူးဒေသနဲ့ တောင်ကီဗူး ဒေသတွေမှာ အပစ်ရပ်ရေး ကတိပြုထားတာတွေ ရှိနေပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး သဘောတူညီမှုကို ချိုးဖောက်တယ်လို့ အစိုးရနဲ့ M23 လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အဲဒီ ပဋိပက္ခဟာ ကွန်ဂိုနဲ့ အိမ်နီးချင်း ရဝမ်ဒါ နိုင်ငံကြား တင်းမာမှုတွေနဲ့ အနီးကပ် ဆက်နွယ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ကွန်ဂို အစိုးရက လုံခြုံရေး အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ ရဝမ်ဒါ လွတ်မြောက်ရေး ဒီမိုကရက် တပ်ဖွဲ့ FDLR ကို ဖြိုခွင်းပေးဖို့ ပျက်ကွက်နေတယ်လို့ ရဝမ်ဒါက ပြောထားပါတယ်။

FDLR ကို ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကွန်ဂိုက ပယ်ချထားပြီး ရဝမ်ဒါက M23 အဖွဲ့ကို တပ်ဖွဲ့ဝင်တွေ လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

ဂိုမာ ဒေသနဲ့ လေဆိပ် နှစ်ခု အပါအဝင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဒေသများစွာကို M23 လက်နက်ကိုင်အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ ဇန်နဝါရီက ပဋိပက္ခ အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အရပ်သား ပြည်သူ ထောင်းပေါင်းများစွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကွန်ဂို အရှေ့ပိုင်းဟာ သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝတဲ့ ဒေသ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ် လုပ်ငန်း နယ်ပယ်အတွက် အရေးပါတဲ့ ဒေသ ဖြစ်ပါတယ်။

M23 လက်နက်ကိုင် အဖွဲ့ကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ရဝမ်ဒါက အမြဲ ငြင်းဆိုနေပေမယ့် သက်သေ အထောက်အထားတွေ အများကြီး ရှိနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.