ဘန်ကောက်၊ သြဂုတ် ၂၄
ထိုင်းနိုင်ငံရဲ့ မငြိမ်မသက် ဖြစ်နေတဲ့ တောင်ပိုင်းမှာ သြဂုတ် ၂၂ ရက် ညနေပိုင်းက မီးရှို့တိုက်ခိုက်မှုတွေ ဒါဇင်နဲ့ချီ ဖြစ်ပွားခဲ့ပြီး လူ နှစ်ဦး ဒဏ်ရာရရှိကာ အစိုးရ အဆောက်အဦတစ်ခု ပျက်စီးသွားခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။
တိုက်ခိုက်မှုပေါင်း ၅၁ ခု ဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာ အစိုးရရုံး အဆောက်အဦ တစ်ခု၊ 7-Eleven စတိုးဆိုင် တစ်ဆိုင်နဲ့ ခိုးရာပါ ယာဉ် တစ်စီး မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ ထိုင်းစစ်တပ်ရဲ့ ပြည်တွင်းလုံခြုံရေး လုပ်ငန်းစဉ်များ ကွပ်ကဲရေးဌာန ISOC နဲ့ ပြည်တွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
သြဂုတ် ၂၂ရက် ညနေ ၈ နာရီကနေ ညသန်းခေါင်အထိ တောင်ပိုင်းခရိုင်တွေ တဝှမ်း နေရာများစွာမှာ မငြိမ်မသက် ဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်တဲ့ စုပေါင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း ISOC က ကြေညာချက် တစ်ရပ်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှု အများစုဟာ နရာသီဝပ်ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ညပိုင်းမှတော့ အဲဒီ ဒေသတဝှမ်း နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အနီးအနားရှိ ယာလာနဲ့ ပတ္တာနီခရိုင်တို့မှာ တခြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ISOC က ပြောပါတယ်။
ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ထိုင်းနိုင်ငံရဲ့ တောင်ဖက် အစွန်ဆုံး ခရိုင်တွေမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆင့်နိမ့် ပဋိပက္ခတွေ တအုံနွေးနွေး ဖြစ်ပေါ်နေခဲ့ပြီး လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
အဲဒီ ဒေသတွေမှာ မွတ်စလင်အများစု နေထိုင်ကြတာ ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရေး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
သြဂုတ် ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားတာ မရှိသေးပါဘူး။
တိုက်ခိုက်မှုတွေ ဖြစ်ပွားရာနေရာတွေကို သြဂုတ် ၂၃ ရက်က ဒေသဆိုင်ရာ အစိုးရရုံး၊ ဆက်သွယ်ရေး တာဝါတိုင်နဲ့ ဓာတ်မီးတိုင်ဆိုင်ရာ အရာရှိတွေ သွားရောက် စစ်ဆေးခဲ့ကြောင်း နရာသီဝပ်ခရိုင် အုပ်ချုပ်ရေးမှူး ဘွန်ချွေး ဟိုမီယမ်ယန်က ပြည်တွင်း မီဒီယာသို့ ပြောပါတယ်။
သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ နောက်ထပ်တိုက်ခိုက်မှုတွေ မဖြစ်ပွားတော့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို သူ မသိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သြဂုတ် ၂၂ရက် ညပိုင်းကစတင်ပြီး သြဂုတ် ၂၃ ရက် မနက် ၆ နာရီအထိနေဝင်မီးငြိမ်း အမိန့်တစ်ရပ်ကို နရာသီဝပ် စစ်ဖက်ဆိုင်ရာ ကွပ်ကွဲရေးဌာနက ကြေညာခဲ့ပါတယ်။
မီးရှို့တိုက်ခိုက်မှုတွေထဲက တစ်ခုအတွင်း နရာသီဝပ်ရှိ ဒေသခွဲ အုပ်ချုပ်ရေး အဖွဲ့ အစည်းရုံးကနေ ခိုးယူလာတဲ့ ကားတစ်စီး မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ ISOC က ပြောပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းက တော်လှန်ပုန်ကန်သူတွေဟာ ဒေသတွင်းသို့ အစိုးရ အရာရှိများ လာရောက်မယ့် ခရီးစဉ်များ မတိုင်ခင် လုံခြုံရေး အရာရှိတွေနဲ့ အစိုးရ အဆောက်အဦတွေကို ပုံမှန်ဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့လက နရာသီဝပ် ခရိုင် စစ်ဆေးရေးဂိတ် တစ်ခုကို သေနတ်နဲ့ ပစ်ခတ်ပြီး ဗုံးခွဲတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းတောင်ပိုင်းရှိ မွတ်စလင်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရေး တောင်းဆိုနေပြီး ခွဲထွက်လိုတဲ့ သဘောထားတွေ ဖော်ပြနေတာ ကြာပြီ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတွေ၊ ရေဘေး ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တောင်ပိုင်း ဆောင်ခလာခရိုင် ဟတ်ယိုင်မြို့သို့ လာမယ့် သီတင်းပတ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေ နှစ်ရက်ကြာ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ်ရုံးက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
Ref:AFP

