ခီဘာလီ၊ ဧပြီ ၁၁

ကမ္ဘာမှာ အကြီးမားဆုံး ချန်ပန်ဇီ အုပ်စုလို့ သိထားကြတဲ့ မျောက်အုပ်စုဟာ အုပ်စုကွဲနေကြပြီး ပြီးခဲ့တဲ့ ၈ နှစ်အတွင်း ပြင်းထန်ရက်စက်တဲ့ ပြည်တွင်းစစ်ပွဲအတွင်း ရုန်းမထွက်နိုင်ဘဲ တိုက်ခိုက်နေကြတယ်လို့ သုတေသီတွေက ပြောလိုက်ပါတယ်။

ယူဂန္ဓာနိုင်ငံ ခီဘာလီ အမျိုးသား ဥယျာဉ်မှာ တခါက ရင်းရင်းနှီးနှီး နေထိုင်ကျက်စားခဲ့ကြတဲ့ အမ်ဂိုဂို ချန်ပန်ဇီမျောက်တွေ ဘာကြောင့် ရင်ဆိုင် တိုက်ခိုက်နေကြသလဲ ဆိုတာကိုတော့ အတိအကျ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်ကတည်းက အချင်းချင်း တိုက်ခိုက်သတ်မှတ်မှုကြောင့် မွေးကင်းစအရွယ် ၁၇ ကောင် အပါအဝင် ၂၄ ကောင် သေဆုံးခဲ့ကြောင်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ချန်ပန်ဇီတွေဟာ အရင်က အချင်းချင်း လက်တွဲ နေထိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ အချင်းချင်း သတ်ဖြတ်ဖို့ ကြိုးပမ်းနေကြပြီလို့ သုသေသီ ခေါင်းဆောင် အာရွန် ဆန်ဒဲလ်က ပြောပါတယ်။

ချန်ပန်ဇီတွေရဲ့ တိုက်ခိုက်ပုံ ပြင်းထန်မှုနဲ့ ကြာမြင့်ချိန်တို့က စောစောပိုင်း လူသား ပဋိပက္ခ ဘယ်လို စဖြစ်လာခဲ့သလိုဆိုတာနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ဖော်ပြနေဖွယ်ရှိတယ်လို့ Science ဂျာနယ်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက် တက္ကသိုလ်က မနုဿဗေဒ ပညာရှင် တစ်ဦး ဖြစ်သူ ဆန်ဒဲလ်က ချန်ပန်ဇီတွေဟာ နယ်မြေကို အရမ်း ဂရုစိုက်နေထိုင်တတ်ပြီး တခြား အုပ်စုတွေက အကောင်တွေနဲ့ ရန်လိုတဲ့ အပြန်အလှန် ဆက်ဆံမှုတွေ ရှိတတ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အကောင် ၂၀၀ နီးပါး ရှိတဲ့ အမ်ဂိုဂို ချန်ပန်ဇီတွေဟာ ဆယ်စုနှစ်ပေါင်း အတော်ကြာတဲ့ အထိညီညွတ်စွာ နေထိုင်ခဲ့ကြတယ်လို့ ဆန်ဒဲလ်က ပြောပါတယ်။

သုတေသီတွေက အနောက်အုပ်စုနဲ့ အလယ်အုပ်စုလို့ သိထားတဲ့ ချန်ပန်ဇီ အုပ်စု နှစ်စုကြား အကွဲအပြဲတွေ ဖြစ်လာခဲ့ပေမယ့် အားလုံးခြုံပြီး ပြောရာရင် ညီညွတ်စွာ နေထိုင်ခဲ့ကြတ ဖြစ်ပါတယ်။

သူတို့ကြား အကွဲအပြဲ ဇာတ်လမ်း ပိုမိုကြီးထွားလာတာကို ၂၀၁၅ ခုနှစ် ဇွန်လက စတင် သတိပြုမိခဲ့ပြီး အနောက်အုပ်စု ချန်ပန်ဇီတွေ ထွက်ပြေးသွားပြီး အလယ်အုပ်စုရဲ့ ချန်ပန်ဇီတွေက လိုက်လံ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆန်ဒဲလ်က ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်က အငြင်းပွားမှု ဖြစ်ပွားပြီးတောက်မှာ ချန်ပန်ဇီ အုပ်စု နှစ်ခုကြား အချင်းချင်း ရှောင်တိမ်းတဲ့ ကာလ သီတင်း ခြောက်ပတ်ရှိခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အုပ်စုနှစ်စုကြား သဘောထားကွဲမှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အနောက်အုပ်စုက အလယ်အုပ်စု ချန်ပန်ဇီတွေကို စတင်တိုက်ခိုက်ခဲ့တာကို သုတေသီတွေ မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

အဲဒီလို အုပ်စုကွဲသွားခဲ့ပြီးနောက် ပစ်မှတ်ထား တိုက်ခိုက်မှု ၂၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အလယ်အုပ်စုရဲ့ အရွယ်ရောက်ပြီး အထီး အနည်းဆုံး ၇ ကောင်နဲ့ အကောင်ပေါက် ၁၇ ကောင် သေဆုံးခဲ့ ပါတယ်။

အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြတာ၊ မိတ်လိုက်ဖို့အတွက် အထီး အချင်းချင်း ယှဉ်ပြိုင်ကြတာကြောင့် တိုက်ခိုက်မှုတွေ နည်းနည်း ပိုပြီး ပြင်းထန်လာသလို ပိုပြီး ရန်လိုလာတာ တွေ့ရတယ်လို့ သုတေသီတွေက ပြောပေမယ့် အကြောင်းရင်း အမှန်ကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.