မော်လမြိုင်၊ ဧပြီ ၁၆
အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
NUG ယာယီသမ္မတကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်တာ အချိန်ကာလမှာ အောင်မြင်တဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေး ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုတယ်လို့ NUG ယာယီသမ္မတက သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းထားပါတယ်။
SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်လို တစုတဖွဲ့တည်း တိုက်နေတာထက်၊ ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်မှာ အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ NUG ယာယီသမ္မတက အသိပေးပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

