လှိုင်းဘွဲ့၊ ဧပြီ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ စစ်ကော်မရှင်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် ABSDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို မနေ့ ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းက ရဲဘော်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
ကြယ်ပြောင်ကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံကနေ လက်နက်ခဲယမ်းနဲ့ ဆက်စပ်တွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ လက်ယက်စစ်စခန်း၊ ဧပြီ ၁၂ ရက်နေ့မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေစစ်စခန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ABSDF

