ဘီးလင်း၊ ဧပြီ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရတာကြောင့် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၁၃ ရက်နေ့က လေးကေစစ်တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေအပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
လေးကေစစ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး ဧပြီ ၁၂ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားဆင့်တပ်ဖွဲ့ဝင် တစ်ဦး အရှင်ဖမ်းမိခဲ့ပြီး ငါးဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲမှုကြောင့် ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံ ၁၃၀၂၆ ဦးဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန

