မော်လမြိုင်၊ ဧပြီ ၁၄
မွန်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၄ ဖွင့်လှစ်နိုင်ဖို့အတွက် သင်္ကြန်ကာလအတွင်းမှာလည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ညအချိန် ပွဲလမ်းသဘင်က ပြန်လာတဲ့ လူငယ်တွေ၊ ညပိုင်း ဆီလာတန်းစီတဲ့ လူငယ်တွေကိုလည်း ညမထွက်ရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဟာ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ နဲ့ ပြန်လည်ရောင်းစားနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် လူငယ်တွေအနေနဲ့ အပြင်ထွက် သွားလာရင် သတိထားသွားလာကြဖို့ အချင်းချင်း သတိပေးတိုက်တွန်းတာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၃ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၇၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

