ဘီးလင်း၊ ဧပြီ ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

လေးကေစစ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး ဧပြီ ၁၂ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားဆင့်တပ်ဖွဲ့ဝင် တစ်ဦး အရှင်ဖမ်းမိခဲ့ပြီး ငါးဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံကနေ လက်နက်ခဲယမ်းတွေအပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းတွေ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းတွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧပြီ ၇ ရက်နေ့ကလည်း မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ် ရွှေကျင်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ လက်ယက်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.