နေပြည်တော် ၊ ဧပြီ ၁၂
ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ် ခေါင်းဆောင်ရဲ့ အလုံးစုံအာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှုဟာ ဝတ်ရုံလဲပြီး ဇာတ်ညွန်းဟောင်းတွေနဲ့ ထူးမခြားနားဖြစ်နေပါတယ်။
၂၀၂၁ အာဏာသိမ်းချိန်ကနေ စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ အနိုင်ရပါတီကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးမယ်လို့ ကြွေးကြော်ခဲ့မှုဟာ လက်တွေ့မှာတော့ စစ်ခေါင်းဆောင်လက်ထဲမှာသာ အာဏာကို အသွင်ပြောင်းပြီး ကြိုးကိုင်ထားတာပါ။
စစ်ခေါင်းဆောင် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရအဖြစ် အမည်ခံမယ့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ရဲ့ အခင်းအကျင်းကလည်း အရပ်သားတွေ အနည်းအကျဉ်းသာ ပါဝင်ပြီး စစ်အရာရှိဟောင်းတွေ အများစုနဲ့ ဖွဲ့စည်းထားတာပါ။
ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုရဲ့ ဝန်ကြီးအယောက် ၃၀ ထဲမှာ စစ်အရာရှိဟောင်း ၂၁ ဦး ပါဝင်သလို နေပြည်တော်ကောင်စီဥက္ကဌ နဲ့ တိုင်း၊ပြည်နယ်အဆင့် ဝန်ကြီးချုပ်အများစုကလည်း စစ်အရာရှိဟောင်းတွေကို ခန့်အပ်ထားတာ တွေ့ရပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကတော့ ရွေးကောက်ခံအစိုးရသဖွယ် ပုံဖော်နေတဲ့ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်အနေနဲ့ သူစေခိုင်းရာ နာတော်ခံမယ့် တပည့်ရင်း စစ်အရာရှိတွေနဲ့ပဲ အခြေပြုထားတာဟာ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်တာလို့ ထောက်ပြပါတယ်။
အသစ်ပြန်လည် ဖွဲ့စည်းတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း တပ်ချုပ်ဟောင်း စစ်ခေါင်းဆောင်က နိုင်ငံတော် သမ္မတအဖြစ် နေရာယူပြီး ကောင်စီဝင်အများစုဟာ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အရာရှိဟောင်းတွေကပဲ လွှမ်းမိုးထားပြန်ပါတယ်။
အဲဒီထဲမှာ တပ်ချုပ်နဲ့ ဒုတပ်ချုပ် အပါအဝင် ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာက ဝန်ကြီးတွေဟာ စစ်တပ်အရာရှိတွေ ဖြစ်ကြသလို ဒုသမ္မတ ၁ ဖြစ်တဲ့ ဦးညိုစောကလည်း တပ်အငြိမ်းစားဖြစ်ပါတယ်။ အလားတူ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနှစ်ဦးကလည်း တပ်အငြိမ်းစာတွေ ဖြစ်ကြပါတယ်။
တစ်ဘက်မှာ သမ္မတကနေ ဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာလည်း တပ်က ထိပ်ပိုင်းအရာရှိတွေကို ဦးဆောင်စေပြီး ဝန်ကြီးဟောင်းတွေနဲ့ အကြံပေးတွေအပါအဝင် နိုင်ငံရေးသမားတချို့ကိုလည်း ကောင်စီဝင်အဖြစ် ခန့်အပ်ထားတာ တွေ့ရပါတယ်။
အတိုင်ပင်ခံကောင်စီ ဥက္ကဌအဖြစ် ဒုတပ်ချုပ်ဟောင်း ဦးစိုးဝင်းနဲ့ အတွင်းရေးမှူးအဖြစ် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အေးတို့ကို တာဝန်ပေးအပ်ပြီး စစ်ခေါင်းဆောင်ရဲ့ အကြံပေး ရေတပ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မိုးအောင်နဲ့ ဒေါက်တာ ရင်ရင်နွယ်တို့ကိုလည်း အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်းထားတာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းတို့လည်း ရွေးကောက်ပွဲရှုံးနိမ့်ပေမယ့် အတိုင်ပင်ခံကောင်စီရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသန်းဆွေနဲ့ ဦးကိုကိုလှိုင် အပါအဝင် တိုင်းရင်းသားရေးရာ ဒုဝန်ကြီး ဦးဇော်အေးမောင်တို့လည်း ကောင်စီဝင်တွေဖြစ်ကြသလို စစ်ကောင်စီနဲ့ စစ်ကော်မရှင်မှာ ပါဝင်ခဲ့ကြတဲ့ မန်းငြိမ်းမောင်နဲ့ ဒေါ်ဒွဲဘူတို့ကိုလည်း ကောင်စီဝင်အဖြစ် တာဝန်ပေးထားတာ ဖြစ်ပါတယ်။
အစိုးရသစ်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို ဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့ ဖွဲစည်းတာဝန်ပေးတာလို့ စစ်ခေါင်းဆောင်က သူ့ရဲ့ သမ္မတတာဝန်ထမ်းဆောင်တဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောဆိုထားတာပါ။
အတိုင်င်ခံကောင်စီအနေနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေး စတဲ့ ကိစ္စရပ်တွေကို အစိုးရထံ အကြံပေးတာတွေကို အကောင်အထည်ဖော်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်သွားမှာဖြစ်ပြီး အာဆီယံနဲ့လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သမ္မတမိန့်ခွန်းမှာ ပြောဆိုထားတာပါ။
ဒ့ါအပြင် အစိုးရအနေနဲ့ လူမှုရေးပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်း စဉ်းစားပေးသွားမယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကတော့ လာမယ့် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းပြီး အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှုမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။
ရွေးကောက်ပွဲဝင်ပြိုင်ခြင်းမရှိဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ ဒုတိယ သမ္မတနှစ်ဦးတို့ဟာ ဧပြီ ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ နာယကရှေ့မှောက် ကျမ်းကျိန်ပြီး ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ သမ္မတအိပ်မက်အတွက် အာဏာသိမ်းမှုကို အရင်းခံကာ ပြည်သူ့လွှတ်တော်ကနေ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက အဆိုပြုတဲ့ ဒုသမ္မတအဖြစ်ကနေ နိုင်ငံတော် သမ္မတဖြစ်လာခဲ့သူပါ။
ဒါကြောင့် အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်ကော်မရှင်နဲ့ အစိုးရအဖွဲ့အဆင့်ဆင့်တို့ကို ဖျက်သိမ်းပြီး အရပ်သားအသွင်ဆောင် သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်ကပဲ ဗဟိုအာဏာကို ဆက်လက်ချုပ်ကိုင်ကာ နိုင်ငံကို အသွင်တစ်မျိုးနဲ့ ကြိုးကိုင်ခြယ်လှယ်ဖို့ ဦးဆောင်ပြန်ပါပြီ။
ပြည်သူတွေကတော့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ရပ်အနေနဲ့ အရေခွံလဲပြီး ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလာမှုဟာ အပြောင်းအလဲမရှိတာကြောင့် လူထုအတွက် ထွေထွေထူးထူး မျှော်ကိုးစရာ ဘာမှ မရှိနေဘူးလို့ ထုတ်ပြောထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

