မော်လမြိုင် ၊ ဧပြီ ၁၂
စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အာဏာရယူထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ်အပေါ် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိဘူးလို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၁၁ ဦးပါဝင်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး တာဝန်စတင် ထမ်းဆောင်နေပြီးဖြစ်ပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ဟာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်းအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးစရာ မရှိဘူးလို့ ဒေသခံပြည်သူတွေကတော့ ဆိုကြပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးက မွန်ပြည်နယ် အစိုးရအဖွဲ့သစ်ဟာ ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရ မဟုတ်တဲ့အတွက်လည်း အများကြီး မျှော်လင့်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မျှော်လင့်ချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ မျှော်လင့်လို့ မရဘူးဆိုတာက ပြည်သူ ၅၀ ရာခိုင်နှုန်း တိတိကျကျ ပါဝင်တဲ့ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ မဟုတ်တဲ့အတွက် အများကြီး မျှော်လင့်လို့ မရဘူးပေါ့နော်။ သူတို့ ဗဟိုချုပ်ကိုင်မှု စနစ်က ရှိနေဦးမယ်လို့ပဲ ထင်တာပေါ့။အဲတာကြောင့် အများကြီး မမျှော်လင့်ပါဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်ကို ဦးဆောင် အုပ်ချုပ်မယ့်သူဟာ စစ်တပ်က ဖြစ်တာကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ဒေသခံ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်သလို စစ်တပ်ရဲ့ ထုံးစံအတိုင်း တစ်သွေးတစ်သံ တစ်မိန့်နဲ့သာ အုပ်ချုပ်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဝန်ကြီး ၁၁ ဦးပါတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့မှာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ဝန်ကြီးနေရာ ရှစ်နေရာ၊ မွန်ညီညွှတ်ရေးပါတီက ဝန်ကြီး နှစ်ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီ ဝန်ကြီး တစ်ဦး ရရှိထားပါတယ်။
အဲဒီတပ်မတော်သား ကိုယ်စားလှယ်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ရယူထားပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း မွန်ပြည်နယ် အစိုးရသစ်ဟာ အရင်တုန်းက လူတွေရဲ့ ကြိုးကိုင်မှု အောက်မှာပဲ သွားမှာဖြစ်တဲ့အတွက် ဘာမှ မျှော်လင့်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်အနေနဲ့ ဆိုရင်တော့ ဘာမှ မထူးဘူးလို့ ထင်တာပေါ့။ အရင်အတိုင်းပဲ သွားမှာပဲလေ။ အရင်တုန်းက လူတွေရဲ့ ကြိုးကိုင်မှု အောက်မှာပဲ သွားမှာဆိုတော့ ဘာမှတော့ ထူးခြားမှုတော့ မရှိပါဘူး။ ဘာမှကို မမျှော်လင့်ဘူး။သူတို့ရဲ့ ဒီတပ်ဘက် တွေကတော့ အဆင်ပြေအောင်လို့ပဲ သူတို့ သွားမှာပေါ့”လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် ခန့်အပ်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကတော့ မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဧပြီ ၁၀ ရက်နေ့က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားစဉ် ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အုပ်ချုပ်ရေးစနစ် အကောင်အထည် ဖော်ရာမှာလည်း ပြည်သူကို ဗဟိုပြုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး ဖော်ဆောင်သွားမှာဖြစ်ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတွေကိုလည်း ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

