ဘားအံ၊ ဧပြီ ၁၆

ကရင်ပြည်နယ် ဘားအံမြို့နယ် တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာကြားကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာပါ။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် စောမာချူ သေဆုံးပြီး အသက် ၆၀ အရွယ် စောတီးတီ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့ပါတယ်။

အလားတူ စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့မှာပဲ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဝင်းတာပန်ကျေးရွာ ဒေသခံ ၄၀၀၀ ကျော်၊ တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာက ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.