နေပြည်တော်၊ ဧပြီ ၁၇
လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။
ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။
အာဏာသိမ်း သမ္မတက အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း တစိုက်မတ်မတ် အလေးထားဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုကြဖို့ အာဏာသိမ်း သမ္မတက တိုက်တွန်းပါတယ်။
အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ အာဏာသိမ်း သမ္မတက ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်း ငါးနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ ၁၀ ကြိမ်ထက်မနည်း ဖိတ်ခေါ်ပေမယ့် တွေ့ဆုံဆွေးနွေးမှု မဖြစ်လာသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

