နေပြည်တော်၊ ဧပြီ ၁၇
နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လွတ်ငြိမ်းပေးခဲ့တာလို့ ဆိုထားပါတယ်။
လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် လက်ရှိ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သေဒဏ်ပြစ်ဒဏ် ကျခံနေရတဲ့သူတွေကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်၊ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့သူတွေကို ထောင်ဒဏ် နှစ် ၄၀ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
တဆက်တည်း ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူတွေကို ပြစ်ဒဏ် ခြောက်ပုံ တစ်ပုံ လျှော့ပေါ့ကျခံစေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

