မကွေး ဧပြီ ၁၈
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းရှိနေဆဲ ဖြစ်တာကြောင့် ကိုးရက်ကြာသည်အထိ စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က စတင်ကာ စစ်ရှောင်နေရတာဖြစ်ပြီး တစ်ပတ်ကျော်ကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေး ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလက်ရှိစစ်ကြောင်းက ရေရင်ရွာမှာလည်း ရှိတယ်။ မဲဇလီစခန်းမှာလည်း ရှိတယ်။ လက်နက်ကြီး၊ ဒရုန်းသံတွေကတော့ ကြားနေရတုန်းပဲ ဖြစ်ပါတယ်။ ရွာထဲတွေပြန်ဝင်ရင် အသတ်ခံရနိုင်လို့ မပြန်နိုင်ကြသေးပါဘူး။”လို့ အင်းကုန်းရွာဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ တောတွေထဲမှာ နေထိုင်နေရတာကြောင့် သောက်ရေအခက်အခဲ၊ ရိက္ခာအခက်အခဲနဲ့ အပူချိန်မြင့်မားတာကြောင့် ဖျားနာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းက စစ်ဘေးရှောင်တွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တာ၊ သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၀ ရက်က အင်းကုန်းရွာသား စစ်ရှောင်နှစ်ဦးက နေအိမ်ကို ဆန်ပြန်ယူတဲ့အချိန်မှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦးက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မလွှကုန်းရွာသစ်၊ ညောင်ပင်စောက် စတဲ့ ကျေးရွာတွေကို ဒရုန်း ဗုံးသီး ချတာနဲ့ မီးရှို့တာတွေ ပြုလုပ်ခဲ့တာကြောင့် နေအိမ် ၆ လုံးထက်မနည်း မီးလောင်ကျွမ်း ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၉ ရက်ကလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် သေနပ်ဝကျေးရွာက အသက် ၂၇ နှစ်အရွယ် မဖြူဖြူသင်း သေဆုံးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ပွင့်ဖြူမြို့ရဲ့ တစ်ဝက်နီးပါးကို စစ်ကြောင်းထိုးနေပေမယ့် ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေမှာတော့ သင်္ကြန်ကာလအတွင်း အဆိုတော် ဗညားဟန်ကို ဖိတ်ကာ ပျော်ပွဲရွှင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

