ဘားအံ ဧပြီ ၁၈
သင်္ကြန်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတို့မှာ စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ဦး ထက်မနည်း သေဆုံးပြီး နေအိမ်ပေါင်းမြောက်များစွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
သင်္ကြန်ကာလအတွင်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ရာမတီးမြို့နယ် မင်းလက်ပံကျေးရွာထဲကို စစ်ကော်မရှင်တပ် ဒရုန်းတွေအသုံးပြုပြီး ကျေးရွာအပေါ် မီးလောင်ဗုံးတွေကြဲချတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် မင်းလက်ပံရွာအတွင်းမှာ နေအိမ်ပေါင်းများစွာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အနီးက မင်းလက်ပံနဲ့ ဖလူးနယ်မြေအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကော်မရှင်တပ်က အဲဒီကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ် လှမ်းပစ်နေသလို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေကို လိုက်လံကြဲချပြီး နယ်မြေရှင်းလင်းရေးသဘောနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်မြို့မြောက်ပိုင်း လူသောမြို့နယ်မှာလည်း သင်္ကြန်မတိုင်ခင်ကစပြီး သင်္ကြန်အတက်နေ့အထိ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် နေ့စဉ်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ၄ ဦးထက်မနည်း သေဆုံးသွားပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် လူသောမြို့နယ် ခဲပါထာကျေးရွာအတွင်း ထိခိုက်သေဆုံးသူဦးရေနဲ့ ထိခိုက်ဒဏ်ရာရရှိသူဦးရေတွေ ဒီထက်မက ပိုများမယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမဟုတ်ဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေ၊ ဆေးပေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ပိုမိုတိုက်ခိုက်ပြုလုပ်နေတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဖာပွန်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအပြင် သထုံခရိုင်၊ ဖားအံခရိုင်တွေဘက်မှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ရက်ဆက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်တွေ သာသနိကအဆောက်အဦးတွေ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုကလည်း သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

