နေပြည်တော် ၊ ဧပြီ ၁၈

မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောင်ဒဏ်အနည်းငယ်သာ လျှော့ပေါ့ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အရပ်သားအသွင်ပြောင်း ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ ကြေညာတဲ့ အမိန့်အရ တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ ဦးဝင်းမြင့်ကို လက်ရှိ ကျခံနေရတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းကာ အဂတိပုဒ်မတွေ၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) တို့နဲ့ တရားစွဲဆို စွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ အကျဉ်းချခဲ့တာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ် ပြောင်းရွေ့မယ့် သတင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေကြတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဦးဝင်းမြင့်ကို အရင် NLD အစိုးရလက်ထက်က ရာထူးအတိုင်း သမ္မတနေရာမှာ ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဖော်ပြထားတာပါ။

ဒီအခြေအနေတွေအပေါ် အာဏာသိမ်းမှုကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် ဆင့်ကဲပြောင်းလဲလာနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဘယ်လိုအရွေ့မျိုး ဆက်ဖြစ်လာမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြတာပါ။

ပါတီဖက်ကတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ NLD ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိနိုင်ဘူးလို့ အသိပေးထားတာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သား အသွင်ပြောင်း အစိုးရရဲ့ သမ္မတရုံးကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဧပြီ ၁၇ ရက် ညနေပိုင်းအထိ အမိန့်တစ်စုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းမှုကို အရင်းခံပြီး သမ္မတဖြစ်လာတဲ့ ဦးမင်း‌အောင်လှိုင်က မြန်မာနှစ်သစ်အခါသမယမှာ အကျဉ်းသား ၄၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် မီဒီယာတွေက ဧပြီ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

ကြေညာချက်အရ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားအကျဉ်းသူ ၄၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။

ဒီအတွက် နောင်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်ကတော့ လွတ်ငြိမ်းခွင့်တွေ ပေးပေမယ့် စစ်အုပ်စုကို နိုင်ငံတကာက ထောက်ခံမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလိုက်လို့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက ထောက်ခံအားပေးသွားမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်။ အားလုံး ပါဝင်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတယ်။ ပြီးတဲ့အခါကျတော့ အာဏာသိမ်းကာလမှာ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်လည်း ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ခံကြရမှာဖြစ်တယ်”လို့ ဆိုပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထဲမှာ ဧပြီ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးရင် အဲဒီကျခံနေရတဲ့ ပြစ်ဒဏ်တွေထဲမှာ သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲကျခံစေဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ်တစ်သက်နဲ့ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ အဖြစ် လျှော့ပေါ့ပေးပြီး ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကိုတော့ ထောင်ဒဏ် နှစ် ၄၀ အဖြစ် ပြောင်းလဲကျခံစေဖို့ ဖြစ်ပါတယ်။

ထောင်ဒဏ်နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကိုတော့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ကျခံစေဖို့ အမိန့်ထုတ်ပြန်ထားတဲ့အတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံဖို့ ကျန်ရှိနေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အကျုံးဝင်တယ်လို့ နားလည်ရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အတည်ပြုနိုင်သေးတဲ့ စာရင်းတွေအရ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦးသာ ရှိသေးပြီး ကျန်ရှိတဲ့သူတွေရဲ့ အချက်အလက်တွေကိုလည်း စိစစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ဦးမင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းကျိန်ပွဲအပြီး ပထမဆုံးအမိန့်ခွန်းထဲမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကို စဉ်းစားပေးသွားမယ်လို့ ‌ပြောဆိုခဲ့ပြီးနောက်ပိုင်း အခုလို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်အနေနဲ့ သူဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့ကို နိုင်ငံတကာနဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းပုံဖော်နေတဲ့ လုပ်ရပ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Soccial Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.