ဘုရားသုံးဆူ၊ ဧပြီ ၁၈
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ရေးပြောက်ကျားတပ် YGF ဒုတိယတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီး လုပ်ကြံခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ ည ၇ နာရီလောက်က ဘုရားသုံးဆူမြို့ပြင်ရှိ “ထူး”စားသောက်ဆိုင်မှာ YGF ဒုတပ်ရင်းမှူးနဲ့ ရဲဘော်ခုနှစ်ဦး ရှိနေချိန် DKBA တပ်ဖွဲ့ဝင်တစ်ဦးက စားသောက်ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း DKBA တပ်ဖွဲ့ဝင်ဟာ YGF ဒုတိယတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီး တစ်ဦးတည်းကိုသာ သေနတ်နဲ့အနီးကပ် ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီးမှာ နားထင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ DKBA တပ်ဖွဲ့ဝင်ကို YGF တပ်ဖွဲ့က ဖမ်းဆီးပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ထံ ပြန်လည်အပ်နှံထားတယ်လို့ သိရပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီးဟာ YGF တပ်ရင်းမှူး ဗိုလ်ကျန်ရစ်ရဲ့ အစ်ကိုအရင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းစဉ်ကတည်းက တပ်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီး လုပ်ကြံသတ်ဖြတ်ခံမှုအပေါ် မွန်ပြည်တော်လှန်ရေးတပ် MSRF က ဒီကနေ့ ဧပြီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-YGF

