မော်လမြိုင်၊ ဧပြီ ၃

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်ကာလအတွင်း နေအိမ် တစ်သိန်းနှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က ဧပြီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲဒီထဲမှာ ပြီးခဲ့တဲ့ သုံးလအတွင်း တိုင်းနဲ့ပြည်နယ် ခြောက်ခုရှိ ကျေးရွာပေါင်း ၈၉ ရွာက အရပ်သား နေအိမ် ၄၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် အိုင့်မကျေးရွာဟာ နေအိမ်ပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သုံးလတာကာလအတွင်း ထိခိုက်မှုအများဆုံး ရွာ ဖြစ်ခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ်အလိုက် မီးရှို့ဖျက်ဆီးခံရမှုမှာ စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံး ဖြစ်ကာ မန္တလေးတိုင်းက တတိယအများဆုံး ဖြစ်ပါတယ်။

Data for Myanmar ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သား နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံး ရပ်တန့်ကြဖို့ တိုက်တွန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.