ဘားအံ၊ ဧပြီ ၄
ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့်သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် နန်းဖော့အွာလို့ခေါ်တဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပပြုလုပ်သွားမယ်လို့ ပြည်နယ်စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်ပြည်နယ် စစ်ကော်မရှင်ဟာ ဘားအံမြို့ သီရိကွင်းမှာ ဗဟိုမဏ္ဍပ်နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားမှာ လမ်းလျှောက်သင်္ကြန်နဲ့ လွှတ်တော်ရုံးအဆောက်အဦးရှေ့မှာ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် နန်းဖော့အွာလို့ ခေါ်တဲ့ သဲသောင်ပြင်သင်္ကြန်ကို လာမယ့် ဧပြီ ၇ ရက်နေ့မှာ ဖွင့်ပွဲကျင်းပပြုလုပ်မှာဖြစ်ပြီး သဲသောင်ပြင်သင်္ကြန်ကျင်းပမယ့်နေရာဟာ ဘားအံ ရွှေယဉ်မျှော်ဘုရားနဲ့ ကမ်းနားလမ်းညဈေးအနီး သံလွင်မြစ်ကမ်းပေါ်က သဲသောင်ပြင်တန်းနေရာ ဖြစ်ပါတယ်။
သဲသောင်ပြင်သင်္ကြန်မှာတော့ အပန်းဖြေနေရာတွေ၊ ရေကစားမယ့်နေရာတွေ၊ ကစားကွင်းတွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ စတုဒီသာမဏ္ဍပ် စတာတွေပါဝင်ပြီး စည်ကားစွာကျင်းပပြုလုပ်သွားမယ့်အကြောင်း ကရင်ပြည်နယ်စစ်ကော်မရှင်က အသိပေးကြေညာထားပါတယ်။
သဲသောင်ပြင်သင်္ကြန်ကို မနှစ်ကတည်းက ကရင်ပြည်နယ်စစ်ကော်မရှင်က ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်ထားပေမယ့် အင်အားပြင်း ငလျင်ကြောင့် လူထုဝေဖန်မှု မြင့်တက်လာတဲ့အတွက် သဲသောင်ပြင်သင်္ကြန်မပြုလုပ်ဖြစ်တော့ဘဲ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ဒီနှစ်ထဲမှာတော့ စက်သုံးဆီအခက်အခဲနဲ့အတူ ကရင်ပြည်နယ်စစ်ကော်မရှင်က လိုင်စင်မဲ့ယဉ်ဖမ်းဆီးသိမ်းဆည်းတာတွေကို အမြဲလိုလို လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ ဈေးသွားဈေးဝယ်ဖို့အပြင် သင်္ကြန်ကာလအတွင်း သွားလာလည်ပတ်မှာကို မသွားလာရဲကြတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိမှာတော့ သင်္ကြန်ပွဲတော်အတွက် အပန်းဖြေတဲတည်ဆောက်တာတွေ ရေကစားမဏ္ဍပ်ဆောက်လုပ်တာတွေနဲ့ ရပ်ကွက်ရုံးတွေမှာ သင်္ကြန်အက လေ့ကျင့်ပြုလုပ်နေတာတွေ တွေ့နေရတယ်လို့ ဘားအံဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

