မော်လမြိုင် ၊ ဧပြီ ၄

စက်သုံးဆီ ရှားပါးပြတ်လပ်မှုနဲ့အတူ မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးနှုန်းဟာ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိလာတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ဧပြီ ၃ ရက်နေ့မှာ 95 ဓာတ်ဆီ တစ်လီတာ ၅၃၃၅ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ ၅၀၃၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပြီး ပရီမီယံဒီဇယ်ဆီကလည်း တစ်လီတာကို ၇၁၇၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

စက်သုံးဆီဈေးနှုန်းဟာ ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်လီတာကို ကျပ် ၅၀၀ ကျော် ဈေးနှုန်းကြီးမြင့်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးနှုန်းတွေအရ မော်လမြိုင်နဲ့ ဟားခါးမြို့ ဟာ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီ လုပ်ငန်းရှင် တစ်ဦးကတော့ မွန်ပြည်နယ်မှာ စက်သုံးဆီ ဈေးနှုန်း အမြင့်ဆုံး ဖြစ်နေရတာဟာ စစ်ကော်မရှင်က ဒေါ်လာ မရောင်းပေးတာ၊ စက်သုံးဆီ ခွဲတမ်းတွေပါ လျော့ချနေတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်နယ်မှာ သွင်းတဲ့ ဆီတင်သွင်းသူကျတော့ အစိုးရက ဒေါ်လာ မရောင်းပေးဘူး။ကိုယ့် ပို့ကုန် ပို့ထားတဲ့ ငွေတွေနဲ့ပဲ။ ကိုယ့်ဟာကို ဝယ်ရတာပေါ့လေ။ ဆီကလည်း အီရန် စစ်ပွဲ မဖြစ်ခင်တုန်းကနဲ့ စာရင်းသူကတော့ လျော့ထား လိုက်တာပေါ့နော်။ နယ်ဘက်မှာ ရှိတဲ့ ဆိုင်တွေကတော့ မူလ စစ်မဖြစ်ခင် တုန်းက ပေးတဲ့ ခွဲတမ်းထက်ကို လျော့ထားတာ ရှိတယ်။ သူက လျော့တာကလည်း တစ်ဆိုင်နဲ့ တစ်ဆိုင် နေရာပေါ်မှာ မူတည်ပြီးတော့ သူတို့က ကွာခြားမှုတော့ ရှိတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိ အီရန် စစ်ပွဲ အခြေအနေအရ အချိန်ကြာလာတာနဲ့အမျှ စက်သုံးဆီ ရှားပါးကာ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်တဲ့ အလာအလားရှိနေတဲ့အပြင် တခြား မြို့တွေ နည်းတူ စက်သုံးဆီ ဈေးနှုန်း အများကြီး မမြင့်တက်ဖို့ ဒေါ်လာ ရောင်းချ ပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင် ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ ၄၉ သန်း ရောင်းချပေးမယ်လို့ ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် မွန်ပြည်နယ်အတွက် မုဒုံဆိပ်ကမ်းက စက်သုံးဆီ တင်သွင်းသူတွေကိုတော့ ရောင်းချပေးတာ မရှိပါဘူး။

မွန်ပြည်နယ်မှာတော့ စက်သုံးဆီဟာ ပြီးခဲ့တဲ့ မတ်လပထမအပတ်ကစတင်ကာ လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ရရှိတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ၊ စုံ၊ မ စနစ် ကန့်သတ်ချက်နဲ့သာ ရောင်းချပေးနေတာကြောင့် လူမှုစီးပွားဘဝကဏ္ဍတွေအပေါ် သက်ရောက်မှု ကြီးမားလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.