မော်လမြိုင် ၊ ဧပြီ ၄
စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုကို အရင်းခံပြီး နိုင်ငံတော်ရဲ့ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမှုသစ်တစ်ခု ကြိုဆိုနေပါတယ်။
ဧပြီ ၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်ဖို့ မဲခွဲနေချိန်မှာပဲ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ခေါင်းဆောင်ကို တရားစွဲဆိုဖို့ Myanmar Accountability Project အပါအဝင် Rohingya Maìyafuìnor Collaborative Network နဲ့ Themis Indonesia အဖွဲ့တို့က ထုတ်ပြန်လာတာပါ။
စစ်ခေါင်းဆောင်ကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင်ကို အဲဒီလူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ Yasmin Ullah နဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားကျော်ကြားသူ ၁၀ ဦးတို့က ဧပြီ ၆ ရက်နေ့မှာ ဂျာကာတာမြို့ရှိ အစိုးရရှေ့နေရုံးကို သွားရောက်တင်သွင်းကြမှာ ဖြစ်ပါတယ်။
တိုင်ကြားစာမှာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ခြေလျင်တပ်မဌာနချုပ်တွေရဲ့ အမည်တွေကို အတိအကျဖော်ပြထားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ ကွပ်ကဲမှုတွေကိုပါ ခြေရာခံတင်ပြထားတာပါ။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းလင်းစွာ ဖော်ပြထားပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကိုလည်း တင်ပြသွားမှာဖြစ်သလို ဒီအမှုဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အခြေခံမူအရ တိုင်ကြားထားတာလို့ ဆိုပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ စတင်အာဏာသက်ဝင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အသစ်ပြဌာန်းထားတဲ့ ရာဇသတ်ကြီးမှာ လူမျိုးတုန်းသတ်ဖြတ်မှုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ဖို့ အတိအလင်း ခွင့်ပြုထားတာပါ။
လက်ရှိမှာ သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ စစ်တပ်အပေါင်းအပါတွေ ကြီးစိုးတဲ့ လွှတ်တော်မှာ ထောက်ခံမဲ ၄၂၉ မဲနဲ့ နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ထားပြီး ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကနေ သမ္မတရွေးချယ်မှု လေးကြိမ်ပြုလုပ်ခဲ့တဲ့ထဲမှာ အရပ်ဝတ်လဲတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အတိုက်အခံမပါဘဲ တပ်ချုပ်ရာထူးကနေ ပထမဆုံး သမ္မတ ဖြစ်လာသူပါ။
စစ်အုပ်ချုပ်ရေးယန္တရားကနေ အရပ်သားအစိုးရ အသွင်ပြောင်းတဲ့ ကြိုးပမ်းမှုအတွင်း ပူပူနွေးနွေး သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်အနေနဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား မကျင်းပရသေးခင်မှာဘဲ နိုင်ငံတကာတရားရုံးတွေရဲ့ တရားစွဲဆိုမှုတွေက ကြိုနှင့်ပြီးသား ဖြစ်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်လဲပေမယ့် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဖြေလျှော့သွားမယ် မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဗိုလ်မင်းအောင်လှိုင် သူ့ဘာသူ ယူနီဖောင်းချွတ်ပြီးတော့ အရပ်သားဝတ်လဲလဲ ရာဇဝတ်မှုက ရာဇဝတ်မှုပဲလေ။ ရာဇဝတ်မှုတွေကတော့ ဘယ်လိုမှ ပျောက်သွားမှာ မဟုတ်ဘူး။ အဲဒီလိုပဲ အခုက နိုင်ငံတကာအဆင့်ကနေ အာဆီယံမှာတောင်မှ အာဆီယံအဖွဲ့ဝင် အရှေ့တီမောမှာ စွဲထားတယ်။ အခုဆိုရင် အင်ဒိုနီးရှား။ တခြားဒီလို Jurisdiction (တရားစီရင်ပိုင်ခွင့်) ရှိတဲ့ဟာတွေ ဒါတွေကတော့ ကျွန်တော်ထင်တယ် ပျောက်သွားမယ်မထင်ဘူး။ လူကိုယ်တိုင်ကို ဖမ်းနိုင်တာ မဖမ်းနိုင်တာဆိုတာထက် တချိန်တုန်းက မင်း ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကတော့ ဖြေလျှော့သွားမယ်လို့တော့ မထင်ပါဘူး”လို့ ဆိုပါတယ်။
ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေက လျှောက်ထားသလို ပြီးခဲ့တဲ့နှစ်မှာလည်း အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားတာပါ။
အဲဒီဖမ်းဝရမ်းမှာတော့ စစ်ခေါင်းဆောင် အပါအဝင် မြန်မာစစ်တပ်အရာရှိတွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် စေခိုင်းသူနဲ့ ကျူးလွန်သူတွေကို တရားရုံးတင် စစ်ဆေးဖို့ ဖမ်းဆီးမိန့် ဝရမ်းတစ်ရပ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း စစ်ခေါင်းဆောင်နဲ့ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ချင်းပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံမှာ တရားစွဲဆိုထားပြီး ပြည်သူ့အစိုးရရှေ့နေရုံးက အမှုဖွင့် လက်ခံထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

