ဘုရားသုံးဆူ၊ ဧပြီ ၃

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် သတ္တုမိုင်းအနီးရှိ မော်ဖာထောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မောင်းသူမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဘုရားသုံးဆူမြို့နယ် မော်ဖာထောကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က မောင်းသူမဲ့ အဝေးထိန်းဒရုန်းတစ်စီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မော်ဖာထောကျေးရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် မဇာခြည်နဲ့ နော်လားလယ့်ဖော်တို့ နှစ်ဦး သေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

မော်ဖာထောကျေးရွာဟာ ဘုရားသုံးမြို့နယ် သတ္တုခဲမိုင်းတွင်းအနီးရှိ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာ တစ်ကြိမ်တစ်ခါမှ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၆ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.