မော်လမြိုင် ၊ ဧပြီ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြို့ပေါ် ရပ်ကွက်အများစုမှာ လာမယ့် အုပ်ချုပ်ရေးမှူး ရာထူးအတွက် အာဏာပိုင်အဆင့်ဆင့်ကို လာဘ်ထိုးတာတွေ ပိုများလာတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ အစိုးရအသစ် ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ မကြာမီကာလအတွင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အသစ် ပြန်လည်ရွေးချယ် သွားဖို့ ရှိနေတာပါ။

အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်မှာ ဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူး ရာထူးအတွက် မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်ထွေအုပ်က တာဝန်ရှိသူတွေအပြင် ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူတွေကိုပါ လာဘ်ငွေ အဆင့်ဆင့်ပေးပြီး လိုက်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်နဲ့နီးစပ်သူတစ်ဦးက အုပ်ချုပ်ရေးမှူး ပြန်ဖြစ်ဖို့ အာဏာပိုင်အဆင့်ဆင့်ကို ငွေကျပ် သိန်းရာချီ ပေးပြီး လိုက်နေကြပေမယ့် အုပ်ချုပ်ရေးမှူး ပြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးလို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ရာထူးအတွက် ငွေကျပ် သိန်းရာချီ ပေးပြီး လိုက်ကြတဲ့သူတွေဟာ ရာထူးထက် လုပ်ပိုင်ခွင့် အာဏာ ရချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်သွားတာကြောင့် စစ်ကော်မရှင်ဟာ သူတို့နဲ့နီးစပ်သူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။

စစ်ကော်မရှင် လက်ထက် အုပ်ချုပ်ရေးမှူးတွေဟာ ဧည့်စာရင်းတိုင်တာ၊ ထောက်ခံစာ ယူတာကအစ ငွေကြေး အများအပြား တောင်းခံတာတွေ ရှိနေသလို နည်းလမ်းမျိုးစုံနဲ့ လာဘ်စားမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့မှာ အုပ်ချုပ်ရေးမှူးတွေဟာ ဝင်ငွေရလမ်း ပိုများတာကြောင့် အုပ်ချုပ်ရေးမှူး ဖြစ်လိုသူတွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.