ကျောက်ကြီး၊ ဧပြီ ၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် သာယာကုန်းနဲ့ ခြံကြီးကျေးရွာကြား မီးရထားလမ်း ၁၄၆ တံတားမှာ အခြေချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အဲဒီဂိတ်စခန်းကို မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး သေနတ် ခြောက်လက်နဲ့ ကျည်မျိုးစုံ အတောင့် ၂၃၀ သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီစီးနင်းမှုအတွင်း စစ်ကော်မရှင်တပ်ရဲ့ စခန်းတဲ သုံးလုံးကို ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးအခြေစိုက် ဂိတ်စခန်း တိုက်ခိုက်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကျောက်ကြီးမြို့နယ်မှာ အခုနှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေရပြီး အများစု နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.