သရက်ချောင်း၊ ဧပြီ ၁

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ထားဝယ် – မြိတ်လမ်းပိုင်းရှိ အဓိကအချက်အချာကျတဲ့ ဝင်းဝလုံခြုံရေးစခန်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကော်မရှင်က ဧပြီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဝင်းဝစခန်းကို လုံခြုံရေးလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးနောက် အပြည့်အဝပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကော်မရှင်ဘက်က ဝါဒဖြန့်ပါတယ်။

ဝင်းဝစန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မတ်လ ၁၂ ရက်နေ့မှာ ဂုံညှင်းဆိပ်ကျေးရွာကို စနစ်တကျ ယာယီဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကူစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၂၈ ရက်နေ့မှာ စီတောကျေးရွာ၊ မတ်လ ၂၉ ရက်နေ့မှာ ရေချိုချောင်းကျေးရွာ၊ မတ်လ ၃၀ ရက်နေ့မှာ ပွိုင့် ၁၆၈ တောင်ကုန်း၊ ဝင်းဝရဲစခန်းနဲ့ဝင်းဝတံတား၊ ချောင်းဝပြင်ကျေးရွာတို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဝင်းဝစခန်းကို စစ်ကော်မရှင်ဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ ကြေညာချက်ဟာ ဝါဒဖြန့်မှုသာ ဖြစ်ပြီး မြေပြင်မှာတော့ စစ်ကူစစ်ကြောင်းအတွက် နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မတ်လ ၃၁ ရက်နေ့ကလည်း ဝင်းဝစခန်းအနီးရှိ ဝဲရစ်၊ သိမ်ကုန်းကျေးရွာတို့ကို တိုက်လေယာဉ် နှစ်စီးနဲ့ တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

ဝင်းဝစခန်းနဲ့အနီးတဝိုက် နေရာတွေကို ဧပြီ ၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ဝင်းဝစခန်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် ထားဝယ် – မြိတ်လမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.