နေပြည်တော် ၊ ဧပြီ ၂
ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တပ်ချုပ်ရာထူးကို စွန့်လွှတ်ထားသည့်တိုင် ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ဖက်တွယ်ထားဆဲ ဖြစ်ပါတယ်။
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဖြစ်မယ့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်က ၁၅ နှစ်တာ ထမ်းဆောင်ခဲ့တဲ့ တပ်ချုပ်တာဝန်ကနေ အနားယူခဲ့တာပါ။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစုအဖွဲ့အစည်းအဝေးမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကနေ ဒုသမ္မတအဖြစ် အဆိုပြုထားတဲ့ စစ်ခေါင်းဆောင်ကို တစညပါတီက အဆိုပြုထားတဲ့သူနဲ့အပြိုင် မဲခွဲရွေးချယ်ခဲ့ပါတယ်။
အဲဒီမဲခွဲရွေးချယ်မှုအတွင်း တပ်ချုပ်ရာထူးကနေ ပူပူနွေးနွေး အနားယူခဲ့တဲ့သူရဲ့ နာမည်ရှေ့မှာ အငြိမ်းစား တပ်ချုပ် ဦးမင်းအောင်လှိုင်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ်သာ ခေါ်ယူသုံးနှုန်းနေတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်တာဝန်တွေကို တပည့်ရင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ မတ် ၃၀ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တဲ့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ယာယီသမ္မတနဲ့ စစ်ကော်မရှင် ဥက္ကဌအဖြစ် ဆက်ရှိနေပါတယ်။
စစ်ကော်မရှင်ရဲ့ သက်တမ်းကလည်း ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်ပြီး အစိုးရသစ် မဖွဲ့စည်းခင်အထိသာ ဖြစ်ပါတယ်။ အာဏာသုံးရပ်လုံး လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ကလည်း အလားတူပါ။
ဒါကြောင့် လတ်တလောမှာ သမ္မတ မဖြစ်ခင်နဲ့ အစိုးရသစ် မဖွဲ့စည်းခင်ကာလအတွင်း စစ်ခေါင်းဆောင်အနေနဲ့ အာဏာလေဟာနယ် မဖြစ်အောင် လုပ်တာလို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တစ်ခုခု အတိမ်းအစောင်း အဖြစ်မခံရဲတဲ့အနေအထားမျိုးပေါ့။ ပြီးရင်လည်း သူက လက်ရှိအချိန်အထိမှာလည်း ယာယီသမ္မတ ပုံစံမျိုးနဲ့ သူ့အတွက် လေဟာနယ်မရှိအောင် ကြောက်ကြောက်လန့်လန့်နဲ့ ဖန်တီးထားရတဲ့ အနေအထားမျိုးလို့ပဲ ကျွန်တော်တို့ကတော့ ပြောချင်ပါတယ်။ သူတို့ လုပ်ပုံကိုင်ပုံတွေက တကယ့်ကိုပဲ အာဏာပြန်သိမ်းခံရမှာထက် သူ့မှာ လက်ရှိ အာဏာလက်မဲ့ အခြေအနေဖြစ်နေမှာကို အရမ်းကြောက်တဲ့ စိုးရိမ်တဲ့ အနေအထားမျိုးကိုတော့ အထင်းသားကြီး မြင်ရတယ်လို့တော့ ကျွန်တော်တို့က ပြောချင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
လက်ရှိ တပ်ချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို စစ်ခေါင်းဆောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အယောင်အဆောင်တွေနဲ့အတူ လွှဲပြောင်းပေးခဲ့ပေမယ့် စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အမိန့်စာ တရားဝင် ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်လို့ ဖော်ပြထားတာပါ။
လောဆယ်မှာ တပ်ချုပ်သစ်ဟာ ဗိုလ်ချုပ်ကြီးအဆင့်နဲ့သာ ရှိနေပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်သက်တမ်း မကုန်ဆုံးသေးသလို အစိုးရသစ်လည်း မဖွဲ့စည်းရသေးတဲ့ စပ်ကူးမတ်ကူးကာလဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က သမ္မတဖြစ်လာပြီး အစိုးရဖွဲ့ပြီးချိန်ကျမှသာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီးအဆင့် အပွင့်တင်ကာ တပ်ချုပ်အဖြစ် နိုင်ငံတော်သမ္မတရုံးကနေ ပြန်လည်အတည်ပြုခန့်အပ်မယ်လို့ CDM တပ်အသိုင်းအဝိုင်းနဲ့ လေ့လာသူတွေက ဆိုပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ကလည်း မင်းအောင်လှိုင်အနေနဲ့ သမ္မတလည်း ဖြစ်ချင် အာဏာပြန်သိမ်းခံရမှာ သစ္စာပြန်ဖောက်ခံရမှာလည်း ကြောက်နေတဲ့အတွက် လုံခြုံအောင် အခုလို လုပ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူ လုပ်တော့ လုပ်နေတယ် ဒါပေမယ့် သူ့အတွက် safe ဖြစ်အောင်လို့ ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားပြီး လုပ်တဲ့နေရာမှာ စစ်တပ်ရဲ့ ကျန်ခဲ့တဲ့ ရာထူးကြီးပိုင်းတွေနဲ့ သူနဲ့ ဆက်ဆံရေးကိုလည်း မထိခိုက်အောင် ကြိုးစားနေပုံရတယ်လို့ ကျွန်တော်တို့ တွေ့ရတယ်။နောက် သူ့ရဲ့ စိတ်ပူမှု သူ့ကိုယ်သူ ကြောက်နေတယ်ပေါ့။သူ့ကို တစ်ယောက်ယောက်က သစ္စာဖောက်မှာ နောက်ပြီး သူရာထူးစွန့်လွှတ်လိုက်လို့ ကာချုပ်မဖြစ်တော့ တပ်တစ်ခုလုံးရဲ့ အုပ်ချုပ်မှုကို စွန့်လွှတ်လိုက်ရတဲ့အခါ အခြားတစ်ဘက်မှာ သူ့ကို ပြန်ထိခိုက်မှာ ဒါမျိုးကို သူ့မိသားစုကို ထိခိုက်မှာ ဒါမျိုးတွေကို သူ စိတ်ပူးပြီး ဒါတွေ လျှောက်လုပ်နေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော် စတဲ့ ကိုယ်စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတတွေအဖြစ် စစ်ခေါင်းဆောင် အပါအဝင် ဒေါ်နန်းနီနီအေးနဲ့ ဦးညိုစောတို့ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့သုံးခုကနေ အဆိုပြုထားတဲ့ ဒုသမ္မတသုံးဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမှာပါ။ အဲဒီကနေ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှု ရှိ မရှိ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြန်လည် တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီအတွက် မတ် ၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပဖို့ ရှိနေပြီး အဲဒီအစည်းအဝေးမှာ လွှတ်တော် နာယကက သမ္မတရွေးချယ်တင်မြှောက်ဖို့ လျှိုဝှက်မဲပေးစနစ်နဲ့ မဲခွဲအတည်ပြုမယ့် နေ့ရက်ကို ကြေညာမယ်လို့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတချို့က ဖော်ပြကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ဒုသမ္မတတွေအဖြစ် ရွေးချယ်ခံရသူက နိုင်ငံ့ဝန်ထမ်းဖြစ်ရင် တင်မြှောက်ခံရတဲ့နေ့က စတင်ကာ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

