မော်လမြိုင်၊ မတ် ၃၁
မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ နွေစပါး၊ ဥယျာဉ်ခြံနဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ တောင်သူတွေဟာ စက်သုံးဆီရရှိရေးအတွက် မီးစက်ကြီးတွေနဲ့ လာရောက်ဝယ်ယူနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်သုံးဆီတွေဟာ အီရန်စစ်ပွဲကြောင့် မတ်လပထမအပတ်ကစလို့ လိုသလောက် ဝယ်ယူလို့ မရတာ၊ ပုံးတွေ၊ ပေပါတွေနဲ့ လုံးဝ မရောင်းဖို့ စစ်ကော်မရှင် မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနက ကန့်သတ်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် တောင်သူတွေဟာ စက်သုံးရရှိရေးအတွက် မီးစက်ကြီးတွေ သယ်ဆောင်ပြီး အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူနေရပေမယ့် လိုသလောက် မရောင်းပေးဘဲ မီးစက်တစ်လုံးကို စက်သုံးဆီ ကျပ် ၁၀၀၀၀ ဖိုးသာ ရောင်းချပေးနေတာပါ။
တောင်သူတစ်ဦးကတော့ နွေစပါးတွေ စိုက်ပျိုးထားတဲ့ တချို့လယ်တွေဟာ လက်ရှိအချိန်ထိ ရေသွင်းနေရဆဲ ဖြစ်တာကြောင့် အခုလို မီးစက်တွေကို ယူကာ မနက်စောစော တန်းစီနေရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နွေစပါးတွေ စိုက်ထားတာ တချို့လယ်တွေက ရေသွင်း နေရတုန်းပဲ။ စပါးတွေက ရေမသွင်းလို့ ရှိရင်လည်း စပါးတွေက ပျက်စီးကုန်မယ်လေ။ ရိတ်လို့ ရတဲ့ လယ်တွေလည်း ရိတ်နေကုန်ပြီ။ စက်သုံးဆီ မရှိတော့ စပါးရိတ် စက်တွေမှာလည်း သူတို့က ဆီမရှိဘူး၊ မရှိတော့ လယ်သမားတွေက ဆိုင်တွေကို မနက် ၃ နာရီ ၊ ၄နာရီ ထပြီး တန်းသွားစီရတယ်”လို့ ဆိုပါတယ်။
စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ရေသွင်း စိုက်ပျိုးရတဲ့ နွေစပါး အပါအဝင် ဟင်းသီးဟင်းရွက် အသီးအနှံတွေဟာ ဆက်လက် စိုက်ပျိုးလို့ မရတော့တာ၊ အချိန်မတိုင်ခင် ပျက်စီးသွားတာ စတဲ့ အခြေအနေနဲ့ ကြုံတွေ့ နေရတာပါ။
အခုလို အခြေအနေတွေကြောင့် တောင်သူတွေဟာ စိုက်ပျိုးရေး သီးနှံတွေ ပျက်စီး ဆုံးရှုံးတဲ့အတွက် အရှုံးပေါ် လာသလို ရှေ့ဆက် သီးနှံတွေကို စိုက်ပျိုးဖို့ အတွက် မဖြစ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကတော့ မော်တော်ယာဉ်တွေအတွက်သာ စက်သုံးဆီ ရောင်းချရမယ့် ပုံစံတွေ ညွှန်ကြားထားပေမယ့် စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း အပါအဝင် တခြားလုပ်ငန်းတွေအတွက် သီးခြား ညွှန်ကြားထားတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

